မြဝတီ ရွှေကုက္ကိုမြို့သစ်တွင် တိုက်ပွဲပြင်းထန်နေ၊ ဒေသခံနှစ်ထောင်ကျော် ထိုင်းနိုင်ငံအတွင်း ထွက်ပြေးခိုလှုံနေရ

0
237

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ရွှေကုက္ကိုမြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ကရင်နယ်ခြားစောင့်တပ် BGF ပူးပေါင်းတပ်စွဲထားသည့် စခန်းနှစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပူးပေါင်း တပ်ဖွဲ့များက ဧပြီလ ၅ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒေသခံနှစ်ထောင်ကျော်လောက် ထိုင်းနိုင်ငံဖက်အခြမ်းသို့ ထွက်ပြေးလာရကြောင်း အကူအညီပေးနေသူများထံမှ သိရသည်။

သောင်ရင်းမြစ်ဖြတ်ကူးလာကြသည့် ဒုက္ခသည်များကို ထိုင်းနိုင်ငံဖက်အခြမ်း မယ်လမရွာဘေးတွင်ရှိသည့် ထန့်လောဂိတ်၌ ဒုက္ခသည်စခန်းအဖြစ် ယာယီဖွင့်ပေးထားကြောင်း အမည်မဖော်လို့သည့် ကယ် ဆယ်ရေးလုပ်ပေးနေသူတစ်ဦးက နိရဉ္စရာကို ပြောသည်။

“ လောလောဆယ်တော့ မယ်လမဘေးက ထန့်လောဂိတ်မှာ ဒုက္ခသည်စခန်းဖွင့်ပေးထားတယ်။ ရွက်ဖျင် တဲတွေဆောက်ထားပေးတယ်။ ကိုယ်လွတ်ထွက်ပြေးလာရတော့ သူတို့မှာဘာမှပါမလာကြဘူး၊ ကျွန် တော်တို့ ဆန်တွေ၊ ခေါက်ဆွဲခြောက်တွေ စားသောက်စရာတွေ သွားလှူပေးနေတယ်၊ မဲဆောက်မြို့ပေါ်က မြန်မာတွေအတော်များပါတယ်။”

KNLA ပူးပေါင်းတပ်များသည် ဧပြီ ၅ ရက် နံနက်အစောပိုင်းကစပြီး စစ်ကောင်စီတပ်နှင့် BGF တို့ ပူးပေါင်းတပ်စွဲထားသည့် စခန်းနှစ်ခုကို ဝင်ရောက်တိုက်ခိုက်ပြီးနောက်ပိုင်း ရွှေကုက္ကိုမြို့သစ်စီမံကိန်းမှ လောင်း ကစားရုံ၊ အိမ်ယာများ၊ လူနေရပ်ကွက်များနှင့် ကရင်နှစ်သစ်ကူးကွင်းများ၌ တိုက်ပွဲ ပြင်းထန်နေခြင်းဖြစ် ကြောင်း သိရသည်။

ဧပြီ ၆ ရက် နံနက် အစောပိုင်းထိ သေနတ်သံများကြားနေရပြီး အခြေအနေတင်းမာနေသည်ဟု ၎င်းက ပြောသည်။

ဒေသခံအတော်များများသည် ဘေးလွတ်ရာပြေးရင်းမှ ထိုင်းနိုင်ငံဖက်အခြမ်းရှိ ရာဘာခြံများ၊ ကုန်လှောင်ရုံများနှင့် ပြောင်းခင်းများထဲ၌ ပုန်းရှောင်နေရကြောင်းလည်း ယင်းပုဂ္ဂိုလ်က ပြောသည်။

အဆိုပါနေရာ၌ တိုက်ပွဲဆက်လက်ပြင်းထန်ဦးမည့်အခြေအနေရှိတာကြောင့် ဒုက္ခသည်ဦးရေ ထပ်တိုးလာနိုင်ဖွယ်ရှိကြောင်းလည်း ပြောသည်။

တိုက်ပွဲကြောင့် ထိခိုက်သေဆုံးနှင့် ပျက်စီးဆုံးရှုံးမှုအခြေအနေများကို နိရဉ္စရာသတင်းဌာနမှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ယခုတိုက်ခိုက်ခံရသည့် စခန်းနှစ်ခုသည် ကရင်ပြည်နယ် မြ၀တီမြို့ မြောက်ဘက် ရွှေကုက္ကိုမြို့သစ်အနီး ထီးကော်ထောကျေးရွာမှာရှိသည့် နယ်ခြားစောင့်တပ် BGF ကင်းစခန်းများဖြစ်ကြပြီး ဧပြီလ ၅ ရက် နံနက်ပိုင်းက KNU တပ်မဟာ ၇ နယ်မြေရှိ KNLA နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့ကစပြီး မြဝတီမြို့နယ် သင်္ဃန်းညီနောင်ရဲစခန်း၊ ကုန်သွယ်ရေးဇုန်နှင့် စစ်ကောင်စီတပ်စွဲထားသည့်နေရာများကို ကရင်တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၇ ရက်တာအထိ တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here