ကျေးရွာမီးရှို့ခံရသဖြင့် ထီးချိုင့်ဒေသခံ ၃၀၀၀ ကျော် ဆေးဝါးနှင့် အရေးပေါ်ပစ္စည်းအကူညီများ လိုအပ်နေ

0
380

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ရှိ ညောင်ပင်သာကျေးရွာအား စစ်ကောင်စီတပ် မီးရှို့ခဲ့သဖြင့် ဒေသခံ ၃၀၀၀ ကျော် ဆေးဝါးနှင့် အရေးပေါ်ပစ္စည်း အကူညီများ လိုအပ်နေသည်ဟု ဒေသခံများထံမှ သိရသည်။

ညောင်ပင်သာ ကျေးရွာကို ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့တွင် ထီးချိုင့်မြို့ပေါ်မှ ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ခဲ့သဖြင့် ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ရှောင်အကူအညီများ လိုအပ်နေသည်ဟု စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ဆိုသည်။

“သူတို့ စစ်ဘေးရှောင်နေရတာက တစ်ပတ်လောက်ရှိပြီ အိမ်ခြေက ၂၁၈ လုံး မီးလောင်ဆုံးရှုံးခဲ့ရတယ်။ မီးဘေးသင့်တာကတော့ လူဦးရေ ၅၀၀ လောက်ခန့်မှန်းပါတယ်။ သူတို့မှာ ဘာမှကိုမပါလာခဲ့တော့တာ အခုလည်းသူတို့ ငိုယိုပြီး ပြောပြနေတာ”ဟုစစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ဆိုသည်။

လက်ရှိမှာတော့ အဆိုပါ မီးဘေးသင့်ပြည်သူများနှင့် ဒေသခံများသည် နီးစပ်ရာတောတိုက်နှင့်ဘုန်းကြီးကျောင်းများတွင် ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ်အကူညီများနှင့် ဆေးဝါးများလိုအပ်နေသည်ဟု ညောင်ပင်သာကျေးရွာမှ မီးဘေးသင့် ပြည်သူတစ်ဦးက ဆိုသည်။

“အခု စစ်ဘေးရှောင်နေရတာက ကလေးနဲ့အသက်ကြီးပိုင်းတွေများတယ်။ အသက်ကြီးပိုင်းတွေက တောထဲ တောင်ထဲမှာ တိမ်းရှောင်နေရတာဆိုတော့ နွေဒဏ်မိုးဒဏ်ကြောင့် မလွယ်ပါဘူး။ လက်ရှိ လိုအပ်နေတာက နွေရာသီဆိုပေမဲ့ မိုးအုံပြီးအေးနေတော့ ဆောင်ရယ်ခြင် ထောင်ရယ်အရေးပေါ် လိုအပ်နေပါတယ်“ဟုမီးဘေးသင့်ပြည်သူတစ်ဦးက ဆိုသည်။

ထို့အပြင် ထွက်ပြေးတိမ်းရှောင်နေရသူများသည် သောက်ရေအခက်အခဲကြောင့် ဝမ်းရောဂါခံစားနေရကြောင်း သူက ဆက်ပြောသည်။

အဆိုပါ ညောင်ပင်သာကျေးရွာကို ယခင်ကလည်း စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက်ခဲ့ပြီး နေအိမ် ၂၁၈ လုံးအထိ မီးရှို့ဖျက်ဆီးခဲ့ဖူးသည်ဟု ဒေသခံများ ဆိုသည်။

ညောင်ပင်သာကျေးရွာသည် ထီးချိုင့်မြို့နယ် တောင်ဘက်ခြမ်း ၁၀ မိုင်အကွာတွင် တည်ရှိပြီး အိမ်ခြေ ၁၈၀၀ ကျော်ရှိသည့် ကျေးရွာကြီးဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

KNG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here