အင်းတော်မြို့နယ်အတွင်းက ရွာသားတစ်ဦးအား ဖမ်းဆီးကာ ထောင်ဒဏ် တစ်သက်တစ်ကျွန်း စစ်ကောင်စီ ချမှတ်

0
329

အင်းတော်မြို့နယ် နတ်မဟုတ် ကလေးကျေးရွာမှ စစ်ကောင်စီ ဖမ်းဆီးသွားသော ရွာသားတစ်ဦးကို စစ်ကောင်စီ စစ်ခုံရုံးက ယမန်နေ့တွင် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်ကြောင်း သိရသည်။

နတ်မဟုတ် ကလေးကျေးရွာနေ ကိုအေးမင်းထွန်း အသက် ၂၄ နှစ်သည် ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့က စစ်ကောင်စီ စစ်ကြောင်းကျေးရွာသို့ ဝင်လာစဥ် ဖမ်းဆီးခံလိုက်ရပြီးနောက် အကြမ်းဖက်မှုပုဒ်မ ၅၀ (ည) နှင့် ၅၂ (က) တို့ဖြင့် တရားစွဲခံရကာ ဧပြီ ၁ ရက်နေ့တွင် ထောင်ဒဏ်တစ်သက်တကျွန်း ချမှတ်ခံလိုက်ရကြောင်း အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

“ သူဖမ်းခံရတာက နားရခေါင်ရွာမှာ ဖမ်းခံလိုက်ရတာ မတ်လ ၅ ရက်နေ့မှာ စစ်သားတွေက အရပ်ဝတ်တွေနဲ့ ရွာထဲကိုဝင်လာပြီး စစ်နေတာ အဲ့တာကို သူက PDF လို့ထင်ပြီးမှ စကားသွားပြောလိုက်တာ အဲ့ချိန် ဖမ်းသွားတာ” ဟု ပြောသည်။

စစ်ကောင်စီက ကိုအေးမင်းထွန်းကို PDF ထောက်ပို့ဟုစွပ်စွဲ၍ ဖမ်းဆီးထောင်ချလိုက်ခြင်းဖြစ်ပြီး ဖမ်းဆီးခံရစဉ်ကတည်းက ယနေ့အချိန်ထိ မိသားစုဝင်နှင့် ဆက်သွယ်ခွင့်တစ်ကြိမ်သာ ရရှိခဲ့ကြောင်း သိရသည်။

အင်းတော်တွင် အကျဥ်းထောင်မရှိသည့်အတွက် အမိန့်ချမှတ်ပြီးသား အကျဥ်သားများကို ကသာထောင်သို့ လွဲပြောင်းပေးပို့ရမည်ဖြစ်သော်လည်း ကိုအေးမင်းထွန်းကိုမှု လက်ရှိအချိန်ထိ အင်းတော်စစ်တပ်ကုန်းတွင်သာ ထိန်းသိမ်းထားကြောင်း သိရသည်။

စစ်ကောင်စီသည် လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကလည်း အင်းတော်မြို့မှ ကိုမင်းမင်းဦး ဆိုသူကို ဖမ်းဆီးပြီးနောက် ပုဒ်မ ၅၀ (ည) ဖြင့် အမှုဖွင့်ကာ ထောင်ဒဏ်တသက်တစ်ကျွန်း ချမှတ်ခဲ့သည်။

အင်းတော်မြို့နယ်တွင် စစ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီဖမ်းဆီးထားသည့် ပြည်သူ ၆၀ ကျော်အထိရှိလာပြီး အများစုမှာ အမှုမဖွင့်ပဲ အင်းတော် စစ်တပ်ကုန်းနှင့် ရဲအချုပ်ခန်းတွင်သာ ထိန်းသိမ်းထားကြောင်း သိရသည်။

KNG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here