လုံခြုံရေးအကြောင်းပြကာ ဆီဆိုင်မြို့နယ် PNO မှ ကျည်ဆံဖိုး ကောက်ခံနေ

0
322

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ်တွင် ဒေသခံ လုံခြုံရေးအကြောင်းပြ၍ ပြည်သူ့စစ်တပ်ဖွဲ့ PNO မှ ကားရှိသည့် ဒေသခံနေအိမ်ထံ ကားဘီး ၁ ဘီးလျှင် ကျပ်ငွေ ၁ သိန်း သတ်မှတ်ပြီး ကျည်ဆံဖိုးကောက်ခံ နေကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် မတ်လမှစပြီး ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာအုပ်စု၊ တောင်ရှေ့ကျေးရွာအုပ်စု နှင့် နောင်ကျောကျေးရွာအုပ်စုရှိ ဒေသခံများကို ဒေသခံလုံခြုံရေးအတွက်ဟုဆိုပြီး ပအိုဝ်း ပြည်သူ့စစ်တပ်ဖွဲ့ PNO မှ ကားရှိသည့် ဒေသခံနေအိမ်ထံ ကားဘီး ၁ ဘီးလျှင် ကျပ်ငွေ ၁ သိန်းသတ်မှတ်ပြီး ကောက်ခံပေးရန် ရပ်ရွာသူကြီးများကို အစည်းဝေးခေါ်ခဲ့ကြောင်း ဆီဆိုင်မြို့ဒေသခံ တစ်ဦးက ပြောသည်။

“သူတို့က ရွာဖက်ကို အရင်အစည်းဝေးခေါ်ပြီး ကောက်တာ။ ကားရှိတဲ့အိမ်ကို ကားဘီး ၁ ဘီး ၁ သိန်းကျပ် ကောက်တယ်။ ကားက ၆ ဘီးရှိရင် ၆ သိန်းပေးရတယ်။ ဒီချိန်က ရွာမှာ တောင်သူတွေ ရောင်းဖို့သီးနှံလည်း မရှိတော့ဘူး။ ဘယ်လိုလုပ်ရမှန်း မသိတော့ဘူး၊ ဒုက္ခရောက်တယ်“ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

အလားတူ ဆီဆိုင်မြို့နယ် တောင်ဖက်ခြမ်းဒေသရှိ နောင်ထော်ကျေးရွာတွင်လည်း ပြည်သူ့စစ်တပ်ဖွဲ့ PNO မှ တစ်အိမ်ကို ၅ သောင်းကျပ် ကောက်ခံနေကြောင်း နောင်ထော်ကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“နောင်ထော်မှာက လူမျိုးပေါင်းစုံနေတယ်။ သျှမ်း၊ ကယန်း၊ ဗမာ၊ ပအိုဝ်းတွေ အတူနေကြတာ။ သူကြီးတွေကတော့ ပိုက်ဆံမထည့်တဲ့ အိမ်ဆို PDF တွေထောက်ပံ့တယ်ဆိုပြီး သတ်မှတ်တယ်။ ကျနော်တို့က တစ်နေ့လုပ်မှ တစ်နေ့စားရတာ။ ကျပ်ငွေ ၅ သောင်းကတော့ ကျနော်တို့အတွက် မသက်သာဘူး။ ပေးဖို့လည်း မလွယ်ဘူး“ ဟု ၎င်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် PNO မှ စေခိုင်းပြီး ရပ်ရွာသူကြီးများမှ ကျည်ဆံဖိုးကောက်ယူပေးခြင်းအပေါ် ဒေသခံများ ပိုက်ဆံမထည့်ပါက “ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကို ထောက်ပံ့ကြောင်း စွပ်စွဲပြီး ခြိမ်းခြောက်ခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ ပြည်သူ့စစ်တပ်ဖွဲ့ PNO မှ ကျည်ဆံဖိုးကောက်ယူခြင်းနှင့် ပတ်သက်ပြီး ဆီဆိုင်မြို့ခံ တစ်ဦးက “ကိုဗစ် – ၁၉ ရောဂါကော၊ စစ်တပ်အာဏာသိမ်းတာကော ဒီချိန်မှာ ပြည်သူတွေက အတော်ကို ဒုက္ခရောက်နေတယ်။ ဒီချိန်မှာ ကုန်စျေးနှုန်းတွေလည်း တအားတက်နေတယ်။ ဒုက္ခရောက်နေသူကို မကူညီဘဲ ဝန်ထုပ်ဝန်ပိုး ဖြစ်အောင် ဆက်လုပ်နေတယ်။ သူတို့သာ ဒီလိုဆက်လုပ်နေရင်တော့ နောင်တစ်ချိန်မှာ အမဲစက်ကြီး သူတို့နောက်ကို ပါသွားမှာပဲ“ ဟု ၎င်းက ပြောသည်။

ဆီဆိုင်မြို့နယ်တွင် ကျေးရွာပေါင်း ၃၂၀ ခန့်ရှိရာ ထိုထဲမှ ကျေးရွာ ၂၀၀ ခန့်သည် ပအိုဝ်းတိုင်းရင်းသားလူမျိုးများ နေထိုင်ကြပြီး ပြည်သူ့စစ်တပ်ဖွဲ့ PNO သည် ဒေသခံ လုံခြုံရေးအကြောင်းပြပြီး ကျည်ဆံဖိုးကောက်ယူမည်ဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

သျှမ်းသံတော်ဆင့် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here