စစ်ကောင်စီက လက်နက်ကြီးများ တပ်ဆင်ကာ တပ်စွဲထားသဖြင့် ဘီးလင်းဒေသခံများ စိုးရိမ်ကြောက်လန့်နေ

0
370

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ အလူးကြီး၊ အလူးလေး၊ ဝင်းပြန် အစရှိသည့် ကျေးရွာများတွင် ပြီးခဲ့သည့် မတ်လ (၃၁) ရက်နေ့က စစ်ကောင်စီတပ်များ လက်နက်ကြီးများတပ်ဆင်ကာ တပ်စွဲထားကြသဖြင့် ဒေသခံများအနေဖြင့် စိုးရိမ်ကြောက်လန့်ကာ ဘဝရပ်တည်ရေးခက်ခဲနေကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီတပ်များသည် မတ်လ (၂၉) ရက်နေ့က စစ်ကား (၂၃) စီးဖြင့် ကျိုက်ထိုဘက်မှဆင်းလာစဥ် အလူးကျေးရွာအနီးတွင် KNLA ပူးပေါင်းတပ်ဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်ခြင်းခံခဲ့ရပြီးနောက် အင်အားထပ်မံဖြည့်တင်းကာ အဆိုပါကျေးရွာများတွင် ထိုကဲ့သို့ လက်နက်ကြီးများတပ်ဆင်ကာ တပ်စွဲထားကြခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

ထိုသို့ ၎င်းတို့တပ်များ ကျေးရွာများတွင်အထိုင်မချခင် အလုံတောင် သီလရှင်ကျောင်းတွင် တပ်စွဲ၍လက်နက်ကြီးထားရှိရန် စီစဥ်သော်လည်း သက်ဆိုင်ရာ ရပ်မိရပ်ဖများနှင့်ညှိနှိုင်းရအဆင်မပြေသဖြင့် အဆိုပါကျေးရွာများသို့ ပြောင်းလဲအထိုင်ချကာ ညောင်ထောက်၊ ဖိုးဝသိမ်၊ ကျောက်လုံးကြီး၊ ကရဝေးဆိပ်၊ ငှက်ပျောတော၊ ရှမ်းစုနှင့် သရက်ကုန်းရွာများဘက်သို့ လက်နက်ကြီးများကို ဦးတည်ထားရှိသည့်အတွက် ဒေသခံများအနေဖြင့် စိုးရိမ်ကြောက်လန့်နေရကြောင်း ဘီးလင်းမြို့ခံတစ်ဦးက ပြောသည်။

၎င်းက “ဒီအချိန်ကာလမှာ ကျနော်တို့က တောင်ထန်းခုတ်ပြီး အသက်မွေးရတယ်။ တောင်ထန်းခုတ်၊ ဝါးခုတ်တို့ဆို အနီးနားတစ်ဝိုက်မှာ စစ်ကောင်စီက ကင်းပုန်းဝပ်ပြီးနေနေတော့ ကြောက်ပြီးအလုပ်မလုပ်နိုင်ဘူး။ ညဘက်တွေဆိုရင်လည်း ဘယ်အချိန် လက်နက်ကြီးနဲ့များပစ်မလဲဆိုပြီး ထိတ်ထိတ်လန့်လန့်နဲ့နေနေရတယ်။ လောလောဆယ် လက်နက်အင်အားဖြည့်ပြီး လာနေကြတယ်ဆိုပေမယ့် ပြေးလည်းမပြေးရဲဘူး။ ပြေးရင်လည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထောက်လှမ်းရေးလာလုပ်နေတာလားဆိုပြီး ပြဿနာအရှာခံရဦးမယ်။” ဟု ကေအိုင်စီသို့‌ပြောသည်။

ယခုကဲ့သို့ ကုန်ဈေးနှုန်းတက်သည့်အချိန် နေ့ဘက်တွင် စားဝတ်နေရေးအတွက် ကောင်းစွာအလုပ်လုပ်ကိုင်နိုင်ခြင်းမရှိ၊ ညဘက်တွင်လည်း လက်နက်ကြီးရန်ကြောက်လန့်သဖြင့် အိပ်ကောင်းခြင်းမအိပ်ရသည့်အခါ ဒေသခံများ၏ လူနေမှုဘဝရပ်တည်ရေးကို များစွာထိခိုက်လာကြောင်း အဆိုပါဘီးလင်းမြို့ခံက ဆက်ပြောသည်။

ထို့အပြင် စစ်ကောင်စီသည် ကာကွယ်ရေးတပ်ဖွဲ့များ၏ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ကင်းပုန်းဝပ်၍ပစ်ခတ်တိုက်ခိုက်ခြင်းများခံရလျှင် ဒေသခံများ၏ ရာဘာခြံများ၊ ဝါးခြံများအား ပစ်မှတ်ထား မီးရှို့ဖျက်ဆီးခြင်းများရှိလာသည့်အတွက် ၎င်းလုပ်ငန်းများဖြင့် အသက်မွေးရသည့်ဒေသခံများအနေဖြင့် ဆုံးရှုံးမှုများစွာ တွေ့ကြုံခံစားရကြောင်း အခြားဒေသခံတစ်ဦးကပြောသည်။

အဆိုပါဒေသခံက “ဝါးပင်တစ်ပင်ရဖို့ဆိုတာလည်း အနည်းဆုံးနှစ်နှစ် သုံးနှစ်ထိစောင့်ရတယ်။ သူတို့တွေက ဒီလိုတွေလုပ်လိုက်တော့ စိတ်ထဲမကျေနပ်ဘူးဆိုရင်တောင် ဘာမှပြန်ပြောပိုင်ခွင့်မရှိတဲ့အနေအထားတွေပေါ့။ ဒီအချိန်ကာလမှာ တောင်ထန်းခုတ်လို့ငွေပေါ်ရင် စားဝတ်နေရေးဖြေရှင်းနိုင်မယ်လေ အခုအလုပ်ကောင်းကောင်းမလုပ်ရတော့ အဆင်မပြေဘူးလေ” ဟု ၎င်းကပြောသည်။

အလားတူ ပြီးခဲ့သည့် မတ်လဒုတိယအပတ်မှစ၍ စစ်ကောင်စီက ဘီးလင်းမြို့နယ် ငှက်ပျောတော၊ ဝင်းကလော၊ ကရဝေးဆိပ်နှင့် တဂေးချောင်းဖျားကျေးရွာများသို့ လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံ သုံးထောင်ကျော် ဘေးလွတ်ရာ တောတောင်များတွင် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသတွင်းမီဒီယာအချို့တွင် ဖော်ပြထားချက်အရ သိရသည်။

နန့်ဆန်းထီ (KIC) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here