ကလေးမြို့နယ် ပျဉ်းတောဦးရွာအနီး စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဆက်ဖြစ်နေ

0
349

စစ်ကိုင်းတိုင်း ကလေးမြို့နယ် ပျဉ်းတောဦးကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအကြား ဧပြီလ ၂ ရက်နေ့ မနက်ပိုင်းကစ၍ တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်ဟု CNO Upper Chindwin Region-UCR သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့သည် ပျဉ်းတောဦး (Tuingo) ကျေးရွာနှင့် မင်းလှ (Zotlang) ကျေးရွာကြား နံတခါးချောင်းမှတဆင့် အနောက်ဘက်သို့ စစ်ကြောင်းထိုးလာသောကြောင့် ဧပြီလ ၂ ရက် နံနက်ပိုင်း ၈ နာရီကစပြီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေခြင်းဖြစ်သည်။

ကလေးမြို့ အမြောက်တပ်ကနေလည်း လက်နက်ကြီးများဖြင့် ပစ်ကူနေသည်ဟု သိရသည်။

ပျဉ်းတောဦးကျေးရွာအနီးတွင် မတ်လ ၃၁ ရက်နေ့ကစ၍ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားကာ စစ်ကောင်စီဘက်က လက်နက်ကြီးများအပြင် လေကြောင်းကနေပါ တိုက်ခိုက်မှုများလည်း ပြုလုပ်ခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျဉ်းတောဦးကျေးရွာတွင် AG ဘုရားကျောင်းရိပ်သာအပါအဝင် လူနေအိမ်တချိူ့လည်း ပျက်စီးမှုရှိခဲ့သည်။

CNO Uper Chindwin Region-UCR ၏ ထုတ်ပြန်ချက်အရ မတ်လ ၃၁ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့သည် ၎င်းတို့ထောင်ထားသောမိုင်း ပြန်နင်းမိသောကြောင့် စကစ တပ်သား ၁၀ ဦးသေဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ဒဏ်ရာရရှိ၍ စွန့်ပစ်ထားခံရသော စစ်ကောင်စီတပ်သား ၂ ဦးကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တွေ့ရှိခဲ့ကြပြီး ဆေးကုသမှုပေးခဲ့သော်လည်း သွေးထွက်လွန်ပြီး သေဆုံးသွားခဲ့သည်ဟု သိရသည်။

ယခုလက်ရှိတိုက်ပွဲများကြောင့် ပျဉ်းတောဦးကျေးရွာအပြင် လက်ပံချောင်း၊ မင်းလှ၊ အောင်ရွာ၊ မြောက်ချော၊ ချင်းစု၊ ချမ်းသာကြီး စသည့်ကျေးရွာများမှ ဒေသခံပြည်သူများသည် ဘေးလွတ်ရာသို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

KMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here