မိုင်းမတော်တဆမှုကြောင့် လောင်းလုံး PDF ရဲဘော် ၂ ဦး ကျဆုံး

0
578

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်မှာ မိုင်းမတော်တဆမှုနဲ့ ကျန်းမာရေးကြောင့် PDF ရဲဘော် ၂ ဦး ကျဆုံးခဲ့တယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) က မတ်လ ၃၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၂ ရက်နေ့က လောင်းလုံးမြို့နယ် ကမြောကင်းတံတားအနီးမှာ ကင်းပုန်းချထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ဖို့ မိုင်းသွားထောင်စဉ် PDF ရဲဘော် ကျားကလေးဟာ မိုင်းမတော်တဆမှုဖြစ်ပြီး ကျဆုံးခဲ့တာပါ။

ရဲဘော်ကျားကလေးဟာ ချိန်ကိုက်မိုင်းထောင်စဉ် ဖုန်းခေါ်မှုခံရတာကြောင့် မိုင်းပေါက်ပြီး ယမ်းစထိမှန် ကျဆုံးခဲ့ရတာဖြစ်ပါတယ်။

LLPDF တပ်ဖွဲ့ဝင် ပင်လယ်ကြပ်တပ်စု ဒု-တပ်စုမှူး ရဲဘော်လူမည်းကလည်း ပြီးခဲ့တဲ့ မတ် ၂၀ ရက်နေ့မှာ ကျန်းမာရေးအခြေအနေကြောင့် စခန်းမှာဘဲ ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ကျဆုံးသွားတဲ့ PDF ရဲဘော် ၂ ဦးအတွက် အရမ်းစိတ်မကောင်း ဖြစ်ရကြောင်းနဲ့ ကျန်ရှိတဲ့ ရဲဘော်တွေနဲ့ စစ်အာဏာရှင် ပြုတ်ကျရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ LLPDF ပြန်ကြားရေးတာဝန်ရှိသူက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လောင်းလုံး PDF ဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို ရရာလက်နက်စွဲကိုင်ပြီး တော်လှန်နေတဲ့ တနင်္သာရီတိုင်းအခြေစိုက် တပ်ဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here