စစ်ကိုင်းအတွင်း စစ်ကောင်စီတပ် ဖမ်းခေါ်သွားသည့် ဒေသခံ ၆ ဦးအနက် ၂ ဦး၏ရုပ်အလောင်းကို မူးမြစ်အတွင်း တွေ့ရှိဟုဆို

0
504
ဓါတ်ပုံ - ပြန်လည်တွေ့ရှိခဲ့ရသည် သေဆုံးရုပ်အလောင်း

စစ်ကိုင်းတိုင်း၊ မောင်းထောင်းကျေးရွာ ဒေသခံ ၆ ဦးကို မတ်လ ၃၀ ရက်နေ့က စစ်ကောင်စီတပ်၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရပြီး ၎င်းတို့ထဲမှ သားဖ ၂ ဦး၏ ရုပ်အလောင်းများအား မူးမြစ်အတွင်း၌ တွေ့ရှိခဲ့ကြောင်း ဒေသခံတချို့ကပြောသည်။

“ ရွာထဲဝင်မွှေပြီး ဖမ်းသွားတာဗျ၊ ရွာထဲ ဝင်ဝင်လာချင်းတော့ ပစ်ခတ်တိုက်ပွဲ ဖြစ်လိုက်သေးတယ်။ ဖမ်းသွားခံရတာ ၆ ဦးဗျ။ သားဖ ၂ ယောက်အလောင်းတော့ မူးမြစ်ထဲပြန်တွေ့တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

တွေ့ရှိခဲ့သည့် သားဖ ၂ ဦး၏ အလောင်းမှာ စစ်ကောင်စီတပ်ဖမ်းဆီးသွားသည့် မောင်းထောင်းရွာမှ ဦးကျော်သူထွန်း ၃၈ နှစ်နှင့် ၎င်း၏ သားဖြစ်သူ အိုအီး ၁၄ နှစ်တို့ဖြစ်ကြသည်။တစ်ခြားဖမ်းဆီးခံရသူ ညီအစ်ကို ၂ ဦး ဖြစ်သည့် တုံတုံချစ် (၁၅) နှစ်နှင့် ချစ်စူး (၂၀) နှစ်မှာ အဆက်အသွယ်မရ ပျောက်ဆုံးနေပြီး တစ်ခြားရွာသား ၂ ဦးနှင့်မူ လွတ်မြောက်လာသည်ဟု ဒေသခံများပြောပြချက်အရ သိရှိရသည်။

ဖမ်းဆီးခံရသူများထဲမှ သားအဖ ၂ ဦး ၏ သေဆုံးရုပ်အလောင်းကို မူးမြစ်ပေါ်ရှိ ညောင်ပင်ဝန်း တံတားအောက်အနီးတွင် တွေ့ရှိခဲ့ရကြောင်း၊ နောက်ထပ် ညီအစ်ကို ၂ ဦး အား မတွေ့ ရှိရသေးကြောင်း ၎င်းဒေသခံများက ပြောသည်။

မောင်းထောင်းရွာကို မတ်လ ၃၀ ရက်နေ့ မနက် ၅ နာရီ ခန့်က စစ်ကောင်စီ တပ်မ ၃၃ က ညောင်ပင်ဝန်း ရဲစခန်းကနေ မောင်းထောင်ကျေးရွာ ဘက်သို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့နှင့် ထိတွေ့ ပစ်ခတ်မှု ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရှိရသည်။

စစ်ကောင်စီကနေ စစ်ကိုင်းအတွင်းက မြို့နယ်တော်တော်များများ၌ စစ်အုပ်ချုပ်ရေး ကြေညာထားပြီးနောက် ကျေးရွာဝင်ရောက်စီးနင်း နေအိမ်မီးရှို့ဖျက်စီးမှုများ၊ ဒေသခံများအား ဖမ်းဆီး သတ်ဖြတ်မှုများ ပိုမိုပြုလုပ်လာလျက်ရှိကြောင်း ကြုံတွေ့နေကြရသည့် ဒေသခံများ၊ တော်လှန်ရေးတပ်ဖွဲ့များကပြောသည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here