သထုံတွင် စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား (၆) ဦး ထိခိုက်ဒဏ်ရာရ

0
431

မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ ဒေါက်ရပ်ကျေးရွာအုပ်စု၊ တောင်ကလေးကျေးရွာတွင် မတ်လ (၂၉) ရက်နေ့က စစ်ကောင်စီတပ်၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား (၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ-သထုံခရိုင်က ထုတ်ပြန်ကြေညာသည်။

အဆိုပါပစ်ခတ်မှုကို သထုံမြို့နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စု၊ ဇီးဝန်းကျေးရွာအနီးတွင် တပ်စွဲထားသော စစ်ကောင်စီ၏ အမြှောက်တပ်ရင်း (၃၁၄) မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများတွင် အသက်မပြည့်သေးသည့် ကလေးငယ် (၄) ဦးလည်း ပါဝင်နေကြောင်း ကေအဲန်ယူ၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီသည် လက်နက်ကြီးပစ်ခတ်မှုအား အနီးအနားပတ်ဝန်းကျင်တွင် တိုက်ပွဲမဖြစ်ပွားဘဲ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါကျေးရွာများဘက်သို့ ပစ်မှတ်ထား၍ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ကေအဲန်ယူ၏ သထုံခရိုင်အတွင်းရေးမှူး ပဒိုစောအေးနိုင်ကဆိုသည်။

၎င်းက “မနေ့က (၁၁) နာရီကျော်ကျော်မှာ လက်နက်ကြီးလှမ်းပစ်တာ တောင်ကလေးရွာက ဒေါ်မသောင်းအိမ်ဘေးတွဲပေါ်ကိုကျတယ်။ ဒေါ်မသောင်းကတော့ ညာဘက်ခြေထောက်နဲ့ပေါင် ဒဏ်ရာရတယ်။ နောက်အမျိုးသမီးတစ်ယောက်ကိုလည်း လက်နက်ကြီးအစမှန်တယ်။ ကလေးတွေလည်းထိတယ်။ ထိတော့ ဘီးလင်းဆေးရုံမှာတင်တယ်။ ဘီးလင်းဆေးရုံက လက်မခံတော့ သထုံဆေးရုံကြီးကိုပို့ပြီး ကုထားရတယ်။ ဘာတိုက်ပွဲမှမဖြစ်ဘဲ လက်နက်ကြီးနဲ့ပစ်တာပါ။” ဟု သထုံခရိုင်အတွင်းရေးမှူးက ပြောသည်။

ထိုသို့လက်နက်ကြီးသံကြားရစဥ် ကျေးရွာနေဒေသခံများမှာ နေအိမ်များတွင်တူးထားသော ဗုံးခိုကျင်းများတွင် ဝင်ရောက်ပုန်းအောင်းကြရပြီး လူသေဆုံးမှုမရှိကြောင်း ပဒိုစောအေးနိုင်ကဆက်ပြောသည်။

ထို့အတူ ကျိုက်ထိုမြို့နယ်တွင်လည်း စစ်ကောင်စီက ကျေးရွာများအတွင်းသို့ဝင်ရောက်၍ စစ်ဆင်ရေးပြုလုပ်ခြင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံများမှာ မိမိတို့ကျေးရွာများအတွင်း မနေထိုင်ရဲဘဲ ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိတွင် စစ်ဘေးရှောင်ဦး‌ရေ များပြားလာကြောင်း ကေအဲန်ယူသတင်းအရင်းအမြစ်မှ သိရသည်။

အဆိုပါစစ်ဘေးရှောင်များကို စားနပ်ရိက္ခာနှင့်လိုအပ်သည်များ ကူညီနိုင်ရန် ဒေသအတွင်းသို့ ဝင်ရောက်ရမလွယ်ကူသောကြောင့် အခက်အခဲရှိကြောင်း စစ်ဘေးရှောင်ကူညီသူ ဒေသခံများက ပြောသည်။

အလားတူ စစ်တပ်အာဏာသိမ်းယူပြီးချိန်မှစ၍ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း ကေအဲန်ယူ ထိန်းချုပ်ရာနယ်မြေများတွင် စစ်ကောင်စီကလူ့အခွင့်အရေးချိုးဖောက်မှု တစ်ထောင်ကျော်လုပ်ဆောင်ခဲ့သလို လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်မှု အကြိမ်ရေ ခုနှစ်ရာကျော် လုပ်ဆောင်ခဲ့ပြီး တပ်မဟာ (၁) ထိန်းချုပ်နယ်မြေဖြစ်သော သထုံခရိုင်သည် လူ့အခွင့်အရေးချိုးဖောက်ခံရမှုအများဆုံးတွင် ပါဝင်သော နယ်မြေတစ်ခုဖြစ်ကြောင်း ကေအဲန်ယူ၏ လူ့အခွင့်အရေးကော်မတီနှင့် သုတေသနမှတ်တမ်းဌာနခွဲက စာရင်းထုတ်ပြန်ပြုစုချက်အရ သိရသည်။

နန့်ဆန်းထီ (KIC) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here