စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရစဥ်အတွင်း စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်သဖြင့် ဘီးလင်းဒေသခံ အရပ်သား (၂) ဦး သေဆုံး

0
267

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ အလူးကျေးရွာအနီး မတ်လ (၂၉) ရက်နေ့မနက်က စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရစဥ် ယာဥ်ပေါ်ပါ စစ်ကောင်စီတပ်များက ရမ်းသမ်းပစ်ခတ်သဖြင့် အရပ်သားပြည်သူ (၂) ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက ဆိုသည်။

ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ဘက်မှ တက်လာသော မော်တော်ယာဥ် (၂၃) စီးပါ စစ်ကောင်စီယာဥ်တန်းအနက် နောက်ကျန်နေသော ယာဥ် (၆) စီးအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၃) နဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ရမ်းသမ်း၍တုံ့ပြန်ပစ်ခတ်သဖြင့် ဒေသခံ (၂) ဦး ကျည်ထိမှန် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးတပ်များနှင့်နီးစပ်သူ ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “ဖြစ်တာကတော့ အလူးကျေးရွာ အဝင်/အထွက်နားမှာပါ။ စစ်ကောင်စီဘက်က ဘယ်နှယောက်ကျသလဲတော့ သေချာမသိရဘူး။ ကာကွယ်ရေးတပ်ဘက်ကတော့ အထိအခိုက်တော့မရှိပေမယ် စစ်ကောင်စီရဲ့ယာဥ်တန်းပေါ်ကနေ ရမ်းသမ်းပစ်ခတ်တာတွေကြောင့် အရပ်သား (၂) ဦး သေဆုံးသွားတယ်။” ဟု မတ်လ (၃၀) ရက်နေ့က ကေအိုင်စီသို့ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဘက်မှ အင်အားအလုံးအရင်းဖြင့် နောက်ပြန်ဆင်းလာပြီး ဘီးလင်းတာယာစက်ရုံကို မီးရှို့ဖျက်ဆီးခဲ့သေးသည်ဟု အဆိုပါဒေသခံက ဆက်ပြောသည်။

လက်ရှိ အဆိုပါ ကျေးရွာအနီးနားတစ်ဝိုက်ရှိ ဒေသခံများအနေဖြင့် စိုးရိမ်ထိတ်လန့်စွာနေထိုင်နေရပြီး စစ်ကောင်စီတပ်များ၏ ညရောမနက်ပါ ကျေးရွာများအတွင်းသို့ ဝင်ရောက်၍ စစ်ဆေးခြင်းများရှိသလို ကျေးရွာများအတွင်းသို့ လက်နက်ကြီးငယ်များ ပစ်ခတ်တိုက်ခိုက်သဖြင့် လူထု၏နေ့စဥ်ရပ်တည်ရေးဘဝ ထိခိုက်ယိုယွင်းလာကြောင်း ဒေသခံများက ပြောသည်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုဖြစ်စဥ်နှင့်ပတ်သက်၍ ကေအဲန်ယူ-တပ်မဟာ (၁) မှ တာဝန်ရှိသူနှင့် အဆက်အသွယ်ရရှိနိုင်ရန် ကေအိုင်စီသတင်းဌာနက ကြိုးပမ်းလုပ်ဆောင်နေဆဲဖြစ်သည်။

အလားတူ ပြီးခဲ့သည့် မတ်လ (၂၇) ရက်နေ့ကလည်း သထုံမြို့နယ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီ၏အမြှောက်တပ်ရင်း (၄၀၁) မှ လက်နက်ကြီး (၂၄) လုံး ပစ်ခတ်တိုက်ခိုက်သဖြင့် ဆူးအင်းကျေးရွာ၊ ကျူံမိန်ကျေးရွာအနီးတဝိုက်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အနီးအနားကျေးရွာများရှိဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း ၎င်းတို့ကို စားနပ်ရိက္ခာအကူအညီပေးနိုင်ရန် ကေအဲန်ယူ သထုံခရိုင်အနေဖြင့် လူမှုကူညီရေး အရပ်ဖက်အဖွဲ့စည်းများနှင့် ဆက်သွယ်ဆောင်ရွက်နေကြောင်း သိရသည်။

နန့်ဆန်းထီ (KIC) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here