စစ်အာဏာသိမ်းကာလ KNU ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း တစ်ထောင်ကျော်အထိ ရှိနေဟုဆို

0
280

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေထဲတွင် စစ်အာဏာသိမ်းပြီး ၂ နှစ်အတွင်း စစ်တပ်ကကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုမြောက်သော လူ့အခွင့်အရေးချိုးဖောက်မှု အကြိမ်ပေါင်း တစ်ထောင်ကျော်ရှိခဲ့ကြောင်း KNU ၏ လူ့အခွင့်အရေးကော်မတီနှင့် သုတေသနနှင့် မှတ်တမ်းဌာနခွဲက ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ၂ နှစ်အတွင်း စစ်တပ်၏ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများကို ရှင်သန်မှုပျောက်ဆုံးနေသောဘဝများ ခေါင်းစဉ်ဖြင့် ယင်းအစီရင်ခံစာကို မတ်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါဖြစ်စဉ်များကြောင့် ၂ နှစ်အတွင်း KNU ထိန်းချုပ်နယ်မြေထဲက အရပ်သားပြည်သူ ၁၉၂ ဦး သေဆုံးခဲ့ရပြီး ၄၈၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ၊ နေအိမ်အလုံးပေါင်း ၈၈၂ လုံး ပျက်စီးခဲ့ရသလို စစ်ဘေးဒုက္ခသည် ၃ သိန်းကျော်အထိရှိကြောင်းလည်း ဖော်ပြထားသည်။

KNU ထိန်းချုပ်နယ်မြေများဖြစ်သည့် ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်း စသည့် ဒေသများတွင် နေထိုင်ကြသည့် အပြစ်မဲ့အရပ်သားပြည်သူများအား ရက်စက်စွာသတ်ဖြတ်မှု၊ မတရား ဖမ်းဆီးညှင်းပန်းနှိပ်စက်မှု၊ လူသားဒိုင်းသဖွယ်အသုံးပြုမှု၊ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှု၊ လက်နက်ကြီးများဖြင့်ပစ်ခတ်မှု စသည့် လူ့အခွင့်အရေးချိုးဖောက်သည့် စစ်ရာဇဝတ်မှုကျူးလွန်သည့် ဖြစ်စဉ် ၁၉ ခု တွင် အကြိမ်ပေါင်း ၁၄၉၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း အဆိုပါအစီရင်ခံစာတွင် စာရင်းပြုစုထားချက်အရ သိရသည်။

၎င်းဖြစ်စဉ်များကို ကူညီဖြေရှင်းပေးဖို့အတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရများထံသို့ တောင်းဆိုထားကြောင်း ဒု-ဌာနမှုး စည်းရုံးရေးနှင့်ပြန်ကြားရေးဌာန KNU ဗဟိုမှ ပဒိုစောကလယ်စေးက နိရဉ္စရာကို ပြောသည်။

“ နိုင်ငံတကာအစိုးရတွေ ကမ္ဘာ့ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ပြည်သူလူထုတွေကို ကူညီပေးနိုင်ဖို့ အိမ်နီးချင်း ထိုင်းနိုင်ငံအစိုးရလည်း ပါတယ်။”

ပြီးခဲ့သည့် မတ်လ ၂၅ ရက်က မြဝတီ၊ ကျုံဒိုး၊ ကော့ကရိတ်မြို့နယ်များတွင် စစ်တပ်နှင့် ကရင်တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေရာ အာရှလမ်းမကြီးကို ပိတ်ထားရသည်မှာ ၆ ရက်မြောက်အထိရှိပြီဖြစ်ပြီး စစ်ရေးတင်းမာနေကြောင်းလည်း သိရသည်။

အဆိုပါတိုက်ပွဲတွင် စစ်တပ်ဖက်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများနှင့် ပစ်ခတ်မှုများကြောင့် ၎င်းဒေသများမှ အရပ်သားပြည်သူ ၃ ထောင်ကျော် ထွက်ပြေးနေရကြောင်းလည်း သိရသည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here