ရွှေဘိုမြို့နယ် ဘုန်းဘွဲ့ရွာအား စစ်ကောင်စီတပ် မီးရှို့

By MPM 28 မတ်, 2023 👁

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲက ကျေးရွာတစ်ရွာအား စစ်ကောင်စီတပ်က မီးရှို့ခဲ့သည့်အပြင် အနီးအနားတွင် စစ်တပ်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ ပြည်သူတစ်ဦးလည်း သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

ရွှေဘိုမြို့နယ်၊ ဘုန်းဘွဲ့ကျေးရွာကို စစ်ကောင်စီ အင်အား ၅၀ ခန့်ဖြင့် မတ်လ ၂၅ ရက်နေ့၊ ညနေ (၂:၃၈) အချိန်က မီးစတင်ရှို့ခဲ့ပြီး ညနေ ၄ နာရီအချိန်၌လည်း ထပ်မံမီးရှို့ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက “ရွှေဘိုကိုသွားမယ့်ကား၊ အယောက် ၃၀-၄၀ပေါ့ဗျာ။ ထိုးလာတဲ့အချိန် ကျနော်တို့က မနက်တချိန်ကို စောင့်တယ်။ နောက်ထပ် အင်အားထည့်ဖြည့်တယ် သူတို့က။ အဲ့ တော့ ၇၀-၈၀ လောက်ရှိတဲ့ စစ်ကြောင်း ဖြစ်သွားတယ်။ ကျနော်တို့ အဲ့မှာ ထိတွေ့တိုက်ပွဲဖြစ်တယ်။ ကျနော်တို့လည်း ပစ်တယ်၊ မိုင်းတွေလည်းဆွဲတာပေါ့။ သူတို့လည်း ပစ်တယ်” ဟု ပြောသည်။

မတ်လ ၂၅ ရက်နေ့၊ ညနေ ၃ နာရီအချိန်ခန့်တွင် ရွှေဘိုနှင့်ဘုံးဘွဲ့ကြား သွားလာနေသော စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသခံကာကွယ်ရေးအဖွဲ့များ ထိတွေ့မှုဖြစ်ခဲ့ရာ ပြည်သူတစ်ဦး ထိမှန်သေဆုံးသွားခဲ့သည်။

ရွှေဘိုမြို့ခံ အမျိုးသမီးတစ်ဦးက “လူနာတင်ကားနဲ့ သယ်သွားတာ။ နှစ်ခေါက်လောက်တွေ့တယ်။ ဖြစ်တာက တော့ စစ်သားတွေက ပြည်သူရဲ့ ကားနဲ့လိုက်တာ၊ ပြီးတော့ လမ်းရှင်းတယ်ဆိုပြီး ကားကိုမောင်းခိုင်းတာ အဲ့ဒီမှာ ထိသွားတာ။ သိရသလောက်တော့ ပြည်သူလည်းသေတယ်။ စစ်သားတွေလည်း ထိတယ်ပြောတယ်။ အတိအကျတော့ စာရင်းတော့ မသိဘူး” ဟု ပြောသည်။

စစ်ကြောင်းရှုပ်ထွေးနေ၍ အသွားအလာ ကန့်သတ်ထားချိန်၌ သတိမမူဘဲ သွားမိသော ပြည်သူအား လူသားတံတိုင်း (ဒိုင်းကာ) အဖြစ်အသုံးပြုကာ စစ်ကောင်စီတပ်မှ ရွေ့လျားမှု ပြုလုပ်ခဲ့ရာ နှစ်ဖက်ကြား ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် အပြစ်မဲ့ပြည်သူတစ်ဦး သေဆုံးရခြင်း ဖြစ်သည်ဟု ရွှေဘိုဒေသခံများက ပြောသည်။

စစ်ကောင်စီစစ်ကြောင်းက ဘုန်းဘွဲ့ကျေးရွာအား တစ်ရက်အတွင်း နှစ်ကြိမ် မီးဝင်ရှို့ခဲ့ရာ ရွာသားများလည်း ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ သို့သော် အိမ်ခြေမည်မျှ မီးရှို့ဖျက်ဆီးခံလိုက်ရသည်ကိုမူ စာရင်းအတိအကျ မသိရသေးဘူး။

အလားတူ စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်ရှိနေသည့်အပြင် မြေပြင်အခြေအနေများ ရှုပ်ထွေးနေသောကြောင့် မတ်လ ၂၆ ရက်နေ့၊ နံနက် ၉:၂၀ နာရီအချိန်မှ စတင်၍ မန္တလေး – ရွှေဘိုလမ်းမ‌ကြီးပေါ်ရှိ စစ်ကိုင်းမြို့နယ် အုန်းတောနှင့် ဆားတောင်လမ်းပိုင်းအားလည်း ခရီးသွားကားများ၊ ပြည်သူများအနေဖြင့် လမ်းအသုံးပြု သွားလာခြင်းမပြုရန် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက မေတ္တာရပ်ခံ သတိပေးထားသည်။

NMG – ပေးပို့သည်။