မြန်မာ-ထိုင်း နယ်စပ် မြဝတီမြို့တွင် တိုက်ပွဲဖြစ်ပွားနေ

By MPM 27 မတ်, 2023 👁

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် သင်္ဃန်းညီနောင်၌ စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့အကြား မတ်လ ၂၅ ရက် ယနေ့နံနက် အစောပိုင်းမှစ၍ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေကြောင်း မြဝတီမြို့ ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်နှင့် BGF တပ် စခန်းများကို နံနက် ၅ နာရီလောက်ကစပြီး ပူးပေါင်းတပ်ဖွဲ့က စတင်တိုက်ခိုက်ရာမှ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

“ ဒီမနက်အစောပိုင်းလောက်ကတည်းက ပစ်နေကြတာ။ တောက်လျောက်ကို ပစ်နေတာ အခုထိပဲ၊ လက်နက်ကြီးတွေနဲ့လည်း ပစ်နေတယ်။”

ကုန်သွယ်ရေးဇုန်လည်း မီးလောင်ပျက်စီးကာ တခြားအဆောက်အဦးများလည်း မီးလောင်နေကြောင်း၊ ပြည်ထောင်စုလမ်းမကြီးပေါ် မြဝတီ-ကော့ကရိတ် လမ်းပိုင်းတစ်ချို့ လက်နက်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများရှိကြောင်း ပြောသည်။

စစ်ကောင်စီဖက်က နံနက် ၉ နာရီကျော်လောက်မှာ လေကြောင်းကနေလည်း ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောကြသည်။

အဆိုပါတိုက်ပွဲကြောင့် ပျက်စီးဆုံးရှုံးမှနှင့် ထိခိုက်မှုအခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘဲ နောက်ဆက်တွဲအခြေအနေများကို နိရဉ္စရာမှ စုံစမ်းနေဆဲဖြစ်သည်။

နောက်ဆုံးရသတင်းအရ မြန်မာဖက်အခြမ်းကနေ ချစ်ကြည်ရေး တံတား ၁ ကို ပိတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။