|
|
|
စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၁ နိုဝင်ဘာ ၁၉၈၈ ဌာနချုပ် (တောင်ပိုင်း၊ မြောက်ပိုင်း) – KNU ထိန်းချုပ်နယ်မြေ၊ KIA ထိန်းချုပ်နယ်မြေ လှုပ်ရှားရာနယ်မြေ – စစ်ကိုင်း၊ မကွေး၊ ရှမ်း (မြောက်)၊ မန္တလေး၊ မွန်၊ တနင်္သာရီတို့အတွင်းရှိ မြို့နယ်များ ဥက္ကဌ – ရဲဘော်သံခဲ ဒု-ဥက္ကဌ – ရဲဘော်လဆိုင်း အထွေထွေအတွင်းရေးမှူး – ရဲဘော်ဆန်နီ Facebook: https://www.facebook.com/theabsdf Website: https://absdf.org Email: [email protected] အဖိနှိပ်ခံ တိုင်းရင်းသားပြည်သူလူထုတရပ်လုံး စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးတို့သည် ABSDF ၏ နိုင်ငံရေးဦးတည်ချက် (၄) ရပ်ဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက် စစ်အာဏာသိမ်းမှုနောက်ပိုင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲမှု သဘောတူစာချုပ် (NCA) အရ ပူးပေါင်းဆောင်ရွက်မှုများကို ရပ်ဆိုင်းကာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ဦးတည်တိုက်ပွဲဝင်နေကြသည့် နွေဦးတော် လှန်ရေးအတွင်း အပြည့်အဝ ပူးပေါင်းပါဝင်လှုပ်ရှားလာခဲ့သည်။ နွေဦးတော်လှန်ရေးကာလ (၄) နှစ်ကျော်အတွင်း ရောက်ရှိလာချိန်အထိ အာဏာသိမ်းစစ်အုပ်စုအား ဘက်ပေါင်းစုံမှ ဆန့်ကျင်တော်လှန်နေကြသည့် တော်လှန်ရေးအင်အားစုများအတွင်း ABSDF ၏ ပူးပေါင်းပါဝင်မှု၊ မဟာမိတ်ဖွဲ့လှုပ်ရှားမှု၊ စစ်ရေး၊ နိုင်ငံရေးအရ အရွေ့အပြောင်းများသည် ပိုမိုထင်ရှားလာသည်ကို တွေ့ရသည်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ABSDF အကြား နားလည်မှုစာချွန်လွှာချုပ်ဆိုခဲ့ပြီး နိုင်ငံရေး၊ လူထုစည်းရုံးရေး၊ စစ်ရေးနှင့် ဘဏ္ဍာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဟု သဘောတူခဲ့ကြသည်။ အပြန်အလှန် နားလည်မှု၊ နိုင်ငံရေးဂုဏ်သိက္ခာ အပြန်အလှန် အသိအမှတ်ပြုမှုတို့ကို အခြေခံပြီး အဖွဲ့အစည်းနှစ်ခုအကြား ခိုင်မာအားကောင်းသော ဆက်ဆံမှုတည်ဆောက်ရေး၊ စစ်အာဏာရှင်စနစ် ပပျောက်ရေးနှင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စု ပေါ်ထွန်းရေးလုပ်ငန်းများတွင် အတူတကွ ပူးပေါင်းဆောင်ရွက်ရေးကိုလည်း ရည်ရွယ်ထားသည်ဟု ဆိုပါသည်။ 1 ၂၀၂၅ ခုနှစ် မေလ ၇ ရက်တွင် ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)၊ မေလ ၂၆ ရက်တွင် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway)၊ ဇွန်လ ၉ ရက်တွင် ယောတပ်တော် (YA)၊ ဇူလိုင်လ ၁၉ ရက်တွင် အညာဗျူဟာ (Anyar Tactic)၊ ဇူလိုင်လ ၂၅ ရက်တွင် ကျောင်းသားတပ်ဦး/ကျောင်းသား လက်ရုံးတပ်တော် (SF/SAF)၊ ရတနာပုံစစ်ကြောင်း စသည့် နယ်မြေဒေသအလိုက် တော်လှန်ရေးအင်အားစုများနှင့် တွေ့ဆုံဆွေးနွေးကာ စစ်ရေး၊ နိုင်ငံရေး၊ လူထုစည်းရုံးရေးနှင့် ကာကွယ်ရေးလုပ်ငန်းများကအစ အပြန်အလှန် ပူးပေါင်းလှုပ်ရှားနိုင်ရေးအတွက် သဘောတူညီချက်များရယူခြင်း၊ နည်းလမ်းဖွေရှာခြင်း၊ မဟာမိတ်ဖွဲ့ခြင်းများကို ABSDF က အရှိန်မြှင့်လုပ်နေပါသည်။ ABSDF အနေဖြင့် အညာဒေသတခွင်ရှိ တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်ရေး အရှိန်မြှင့်လုပ်ဆောင်နေသကဲ့သို့ KIA ဦးဆောင်သော မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲများ၊ KNU ဦးဆောင်သော စခန်းသိမ်းတိုက်ပွဲများ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဦးဆောင်သော စခန်းသိမ်းတိုက်ပွဲများ စသည်တို့တွင် ပူးပေါင်းပါဝင်လှုပ်ရှားမှုများ ရှိခဲ့ပါသည်။ အလားတူ ABSDF ၏ စစ်ကြောင်းအသီးသီးတို့သည် စစ်ကိုင်း၊ မကွေး၊ ရှမ်း (မြောက်)၊ မန္တလေး၊ မွန်၊တနင်္သာရီ စသည့် တိုင်းနှင့် ပြည်နယ် (၆) ခုအတွင်းရှိ မြို့နယ်များတွင် ဒေသတွင်း တော်လှန်ရေးအင်အားစုများနှင့်အတူ အာဏာသိမ်းစစ်အုပ်စုအား စစ်ရေးအရ ထိုးစစ်ဆင် လှုပ်ရှားလျက်ရှိပါသည်။
1. သတင်းထုတ်ပြန်ချက်၊ NUG ၊ ၁၂ စက်တင်ဘာ ၂၀၂၄ Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၄– ၂၀၂၅ |
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး
By MPM
18 စက်တင်ဘာ, 2025
👁
