မုံရွာမြို့နယ် ထနောင်းတောရွာအတွင်း စစ်ကောင်စီတပ်က မီးရှို့ခဲ့သဖြင့် သက်ကြီးရွယ်အို ၃ ဦး မီးလောင်သေဆုံးခဲ့

By MPM 17 မတ်, 2023 👁

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ထနောင်းတောရွာတွင် မတ်လ ၁၅ ရက်နေ့ မနက် ၅ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ အိမ်ခြေ ၆၀ ကျော် မီးရှို့ခဲ့ပြီး သက်ကြီးရွယ်အို ၃ ဦး မီးထဲပါသေဆုံးခဲ့ကြောင်း ဒေသခံများပြောပြချက်အရ သိရှိရသည်။

“ဟိုစစ်ကောင်စီတပ်သားတွေ မီးလာရှို့တာ။ ထွက်ပြေးကြရတော့ပေါ။ မထွက်ပြေးနိုင်တဲ့ အဖိုးတို့ အဖွားတို့တော့ မီးလောင်သေဆုံးခဲ့ရတယ်” ဟု ထနောင်းဒေသခံတစ်ဦးက ပြောသည်။

မီးရှိုခံရမှုတွင် အသက် ၈၀ အရွယ်ရှိ အဖွား ၁ ဦးနှင့် အသက် ၆၀ ကျော် အဘိုး ၂ ဦးတို့ မီးလောင်သည့်အထဲတွင် သေဆုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါရွာထဲသို့ စစ်ကောင်စီတပ်များသည် ရွာအရှေ့ဖက်မှ သေနတ်များဖြင့် ပစ်ဖောက်၀င်ရောက်လာပြီး ရွာထဲရှိနေအိမ်များကို မီးရှို့ဖျက်စီးခဲ့ကြောင်းနှင့် ညောင်ပင်စောက် တာဝါတိုင်ဘက်ကို သေနတ်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သေးကြောင်း မြင်တွေ့ခဲ့ရသည့် ဒေသခံများက ပြောသည်။

ထနောင်းတောရွာသည် အိမ်ခြေ ၂၅၀ ကျော်ရှိပြီး စစ်ကောင်စီတပ်များ၀င်ရောက်လာချိန်တွင် ဒေသခံ များအနေနှင့် ယင်းတို့၏ နေအိမ်များကို စွန့်ခွာထွက်ပြေးတိမ်းရှောင်မှုများ ပြုလုပ်ခဲ့ကြရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြန်လည်ထွက်သွားချိန်မှသာ မီးငြိမ်းသတ်ခဲ့ရကြောင်း သိရှိရသည်။

“အဲ့ကောင်တွေ ပြန်ထွက်သွားပြီတဲ့အချိန်လောက်မှ မီးသတ်ရတာပေါ့၊ မီးသတ်တဲ့အချိန် အဖိုးနဲ့အဖွားကို ကယ်တာပဲ ဘယ်ရတော့မလဲဗျာ အသက်ဆုံးနေပြီး” ဟု ကျေးရွာအတွင်း စစ်ကောင်စီတပ် ၀င်ရောက်လာပြီး ပြန်ထွက်သွားချိန် တိမ်းရှောင်ခဲ့သော ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလပိုင်းအတွင်းကလည်း ထနောင်းတော (မြောက်ရွာ) က နေအိမ် ၄ လုံးနှင့် တောင်ရွာက နေအိမ် ၃ လုံးကို စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးခဲ့ကြသေးသည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။