ကရင်ပြည်နယ်တွင် အမျိုးသမီးနှင့်ကလေးသူငယ် သေဆုံးသူဦးရေစာရင်းကောက်ယူရန် အလှမ်းဝေးနေပြီး စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုများမှာ ပိုမိုဆိုးရွားသော အခြေအနေဖြစ်လာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က ပြောသည်။
အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ၏ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန (MOWYCA) က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မှ ၂၀၂၃ ခုနှစ်၊ မတ်လ (၁) ရက်နေ့အထိ ကရင်ပြည်နယ်အတွင်း သေဆုံးသူအမျိုးသမီး (၂၀) ဦး၊ လူငယ် (၁၄) ဦးနှင့် ကလေးသူငယ် (၁၁) ဦးရှိနေကြောင်း ပမာဏပြ ပုံစံကားချက်ဖြင့် ထုတ်ပြန်ထားချက်အရ ကေအိုင်စီမှ KHRG သို့ ဆက်သွယ်မေးမြန်းရာတွင် ထိုသို့ဖြေကြားထားခြင်းဖြစ်သည်။
စစ်တပ်အာဏာသိမ်းကာလတွင် ကရင်ပြည်နယ်အတွင်း သေဆုံးသူဦးရေပမာဏသည် MOWYCA ၏ ထုတ်ပြန်ချက်ပါစာရင်းထက် ပိုမိုများနိုင်ခြေရှိမရှိမှာ KHRG အနေဖြင့် ဖြစ်ရပ်တိုင်းကို လက်လှမ်းမမှီနိုင်သည့်အတွက် စာရင်းအတိအကျပြောဆိုရန် ခဲယဥ်းပြီး လက်နက်ကိုင်ပဋိပက္ခတိုက်ပွဲ များကြောင့် ပြည်နယ်တွင်း ပညာရေး၊ကျန်းမာရေး အစရှိသောအခွင့်အလမ်းများ ဆုံးရှုံး၍ အခြေခံလူ့အခွင့်အရေးချိုးဖောက်ခံနေရခြင်းသည် ဆိုးရွားသောအခြေအနေတွင်ရှိကြောင်း KHRG ၏ ပြောခွင့်ရသူ စောနန္ဒဆူးက ပြောသည်။
စောနန္ဒဆူးက “အထူးသဖြင့် စစ်ကောင်စီရဲ့လက်နက်ကြီးနဲ့လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးရတဲ့အမျိူးသမီး၊ လူငယ်နဲ့ကလေးသူငယ်တွေရှိတယ်ဆိုပေမယ့် အရေအတွက် ဘယ်လောက်ဆိုတာ ဖြစ်ရပ်တိုင်းကို ကျနော်တို့က လက်လှမ်းမှီနိုင်တာမျိုး မဟုတ်တော့ ပြောလို့မရဘူး။ နှစ်စဥ်နဲ့အမျှဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် စစ်ရှောင်တွေအနေနဲ့ အခက်အခဲပေါင်းများစွာကြုံတွေ့ရတယ်။ ဒေသခံပြည်သူတွေကလည်း နှစ်စဥ်နှင့်အမျှ ထိခိုက်သေဆုံးနေကြရတယ်” ဟု ၎င်းက ပြောသည်။
အထူးသဖြင့် စစ်ကောင်စီနှင့် KNLAနှင့် မဟာမိတ်ပူးပေါင်းတပ်များအကြား တိုက်ပွဲများပြင်းထန်နေသော ကေအဲန်ယူထိန်းချုပ်နယ်မြေများဖြစ်သော ဖာပွန်ခရိုင်၊ သထုံခရိုင်နှင့် ဒူးပလာယာခရိုင်တို့တွင် စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းဖြင့်ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်သေဆုံးမှုပိုမိုများပြားကြောင်း စောနန္ဒဆူး၏ ဆက်လက်ပြောဆိုမှုအရ သိရသည်။
ဖာပွန်ခရိုင်အတွင်းရှိ တိုက်ပွဲများကြောင့် စစ်ဘေးတိမ်းရှောင်လာသူတစ်ဦးက “ကျမတို့က ၂၀၂၁ တုန်းက ရွာမှာ စစ်ကောင်စီနဲ့တိုင်းရင်းသားလက်နက်ကိုင်တွေ တိုက်ပွဲဖြစ်တော့ ရွာသားတစ်ယောက်သေသွားတာနဲ့ မနေရဲလို့ပြေးလာကြတာ။ ဖြစ်ကာစတုန်းကတော့ တောထဲမှာနေရတယ်။ သိပ်မကြာဘူး ကျမတို့ရွာဘေးက တောင်ပေါ်ရွာကို လေယာဥ်လာပစ်တော့ အဲ့တောင်ပေါ်ရွာက ရွာသားတွေသေကြတာ အတုံးအရုန်းပဲ။ ရွာပတ်ပတ်လည်မှာ စစ်တပ်က မိုင်းတွေလာထောင်ထားတော့ ဆင်းပြေးလို့လည်းမရဘူးလေ” ဟု ကေအိုင်စီသို့ ပြောသည်။
KNHRG အနေဖြင့် ထိုကဲ့သို့ စစ်ကောင်စီတပ်များ၏လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ မှတ်တမ်းပြုစုချက်များအား တစိုက်မတ်မတ်လုပ်ဆောင်နေပြီး နိုင်ငံတကာအဖွဲ့အစည်းများသို့ တိုက်ရိုက်တင်ပြ၍ ထိခိုက်နစ်နာသူများအတွက် တရားမျှတမှုရရှိစေရန်၊ ကြီးလေးသောရာဇဝတ်မှုများ ကျူးလွန်နေသောစစ်ကောင်စီအား တာဝန်ယူမှု တာဝန်ခံမှုရှိလာစေရန်နှင့် အပြစ်ဒဏ်ကင်းလွတ်ခွင့်မှ အဆုံးသတ်ရန် အစရှိသည်တို့ကို ဆောင်ရွက်လျက်ရှိကြောင်း KHRG ၏ ပြောခွင့်ရသူက ရှင်းပြပြောဆိုသည်။
အလားတူ NUG ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ၂၀၂၁ခုနှစ် မှ ၂၀၂၃ ခုနှစ် မတ်လ (၁၃) ရက်နေ့အထိ စစ်ကောင်စီမှ အရပ်သားပြည်သူငါးဦးနှင့်အထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအကြိမ်ပေါင်း (၆၄) ကြိမ်ဖြစ်ပွားခဲ့သည့်အနက် အမျိုးသား (၄၈၂) ဦးနှင့် အမျိုးသမီး (၇၈) ဦးအပါအဝင် အရပ်သားပြည်သူ (၇၆၆) ဦးသေဆုံးခဲ့ရပြီး နိုင်ငံတကာမှ အဆိုပါဆိုးရွားသည့်သတ်ဖြတ်မှုများကို ထိရောက်လျှင်မြန်စွာ အရေးယူရန်လိုအပ်ကြောင်း၊ ပဋိပက္ခဒဏ်ခံစားနေရသော ပြည်သူများအား လူ့အခွင့်အရေးဆိုင်ရာ အကူအညီများပေးရန် မတ်လ (၁၅) ရက်နေ့က ထုတ်ပြန်ချက်တွင် တိုက်တွန်းနှိုးဆော်ထားသည်။
နန့်ဆန်းထီ (KIC) – ပေးပို့သည်။