အာဏာသိမ်းစစ်ကောင်စီမှ ပအိုဝ်းနှင့် ကရင်နီ (ကယား) လူမျိုးများအကြား လူမျိုးရေးနှင့်ဘာသာရေး ပဋိပက္ခဖြစ်စေရန် လှုံ့ဆော်သည့်လုပ်ရပ်အား အပြင်းအထန်ကန့်ကွက်ရှုတ်ချကြောင်း ပအိုဝ်းအမျိူးသားဖယ်ဒရယ်ကောင်စီ (PNFC) က မတ်လ(၁၄)ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။
ရှမ်းပြည်နယ်၊ ပင်လောင်းမြို့၊ နမ်းနိန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် သံဃာတော် (၃) ပါးနှင့်အရပ်သား (၁၉) ဦးအပါအဝင် စုစုပေါင်း (၂၂) ဦးအား စစ်ကောင်စီမှ ပစ်သတ်ခဲ့သည့်လုပ်ရပ်သည် စစ်ရာဇဝတ်မှုမြောက်ပြီး မဟုတ်မမှန်သတင်းများဖြန့်ဝေ၍ ပအိုဝ်းနဲ့ကရင်နီ (ကယား) လူမျိုးများအကြား လူမျိုးရေးနှင့်ဘာသာရေး ပဋိပက္ခဖြစ်စေရန် ရည်ရွယ်၍ လုပ်ကြံဖန်တီးလှုံ့ဆော်နေမှုအား PNFC အနေဖြင့် အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် တိုင်းရင်းသားလူမျိုးအချင်းချင်းများကြား သတင်းအလွဲအမှားများနှင့် သွေးထိုးလှုံ့ဆော်မှုများ မဖြစ်စေလိုသောကြောင့် ယခုကဲ့သို့ ကြေညာချက်ထုတ်ပြန်ရခြင်းဖြစ်သလို ပအိုဝ်းလူမျိုးများအနေဖြင့် သတင်းအမှားအမှန် သုံးသပ်ကာ လူမျိုးရေး၊ နိုင်ငံရေးနိုးကြားမှုရှိရန်လိုအပ်ပြီး ဘာသာရေးအရ သွေးထိုးမှုများအား နားမယောင်ရန် PNFC မှ ပြန်ကြားရေးတာဝန်ရှိသူ ခွန်ဝါးက ယခုလိုပြောသည်။
၎င်းက “ကရင်၊ ပအိုဝ်း၊ ကရင်နီဆိုတာ သမိုင်းကြောင်းအရရော လူမျိုးရေးအရရော ဆင်းသက်လာပုံချင်းတူညီကြပြီး ကျနော်တို့လူမျိူးကြားထဲမှာ ဘာပြဿနာမှမရှိခဲ့ဘူး။ ကျနော်တို့ ပအိုဝ်းတွေက ဘာသာရေးနဲ့ပတ်သက်ရင် အရမ်းကိုရိုသေကိုင်းရှိုင်းတဲ့အတွက် အစွန်းရောက်သွားမှာစိုးတယ်။ ဒီအခြေအနေမှာ သတင်းကိုမှားလားမှားလား သေချာသုံးသပ်ပြီး နိုင်ငံရေးနိုးကြားမှုရှိဖို့၊ နယ်စပ်ဒေသတွေမှာ ကျနော်တို့တွေက တူတူနေကြတာဖြစ်တဲ့အတွက် လူမျိုးရေးပဋိပက္ခမဖြစ်ဖို့လိုတယ်။ ဒီဘာသာက ဟိုဘာသာကို သွားပြီးအနိုင်ကျင့်တယ်ဆိုတာမျိုးက နိုင်ငံရေးမှာပြောနေကျ စကားတွေဖြစ်တဲ့အတွက် အဲ့ဒါတွေကို နားမယောင်ဖို့လိုတယ်။” ဟု PNFC ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
အဆိုပါဖြစ်စဥ်တွင် စစ်ကောင်စီမှ အရပ်သားများ၏ ရုပ်အလောင်းများပေါ်၌ လက်လုပ်သေနတ်များ တင်ဆောင်ကာ ဓာတ်ပုံရိုက်ယူ၍ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်အသီးသီးတွင် မဟုတ်မမှန်သတင်းများ ဖြန့်ဝေခဲ့ပြီး အဆိုပါလုပ်ရပ်အား စစ်ကောင်စီမှကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ပအိုဝ်းအမျိူးသားကာကွယ်ရေးတပ်ဖွဲ့ (PNDF-KK) ၏ မှတ်တမ်းများအရ သိရှိရသည်ဟု PNFC ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့အတူ PNFC အနေဖြင့် ၎င်းဖြစ်ရပ်မတိုင်ခင်ကတည်းက အဆိုပါဒေသရှိ ဒေသခံများဖြင့် အစုအဖွဲ့များ ဖွဲ့စည်း၍ ပုံမှန်အစည်းအဝေးများလုပ်ဆောင်လျက်ရှိရာ ယခုကျူးလွန်မှုနဲ့ပတ်သက်သည့် အချက်အလက်များအား အတည်ပြုစိစစ်ခြင်း ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ PNFC နှင့်ရည်ရွယ်ချက်တူညီသော တိုင်းရင်းသားအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ စစ်ကောင်စီ၏လုပ်ရပ်များအား မှတ်တမ်းတင်ရယူ၍ နိုင်ငံတကာမှသိရှိအရေးယူနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ခွန်ဝါးက ဆက်ပြောသည်။
၎င်းက “နိုင်ငံတကာမှာက လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ကိစ္စတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ပိုပြီးစိတ်ဝင်စားတဲ့အတွက် မြေပြင်မှာ ယန္တရားတစ်ခုတည်ဆောက်ပြီးတော့ မှတ်တမ်းယူဆောင်ရွက်မှုတွေ ပြုလုပ်သွားမယ်။ ပထမအဆင့်အနေနဲ့ နိုင်ငံတကာကိုဖိအားပေးသွားပြီး ဒုတိယအဆင့်က ဒီလိုဖြစ်ရပ်မျိုးတွေ ထပ်မဖြစ်အောင် အသွင်ကူးပြောင်းရေးကာလမှာပဲပြောပြော ဖြစ်လာတဲ့ကိစ္စရပ်တွေအပေါ်မှာ တာဝန်ယူမှု တာဝန်ခံမှုရှိအောင် ဆက်လက်လုပ်ဆောင်သွားပါမယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
အလားတူ ဒေသတွင်းဖြစ်ပွားနေသောတိုက်ပွဲများသည် လူမျိုးရေး၊ဘာသာရေးနှင့်သက်ဆိုင်ခြင်းမရှိဘဲ လူထုအားရန်သူသဖွယ်သတ်မှတ်ကာ အကြမ်းဖက်သတ်ဖြတ်နေသော စစ်ကောင်စီနှင့် အာဏာရှင်စနစ်ကို လက်မခံနိုင်သော တောင်ပေါ်မြေပြန့်အသီးသီးမှ တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ တော်လှန်ရေးတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီနှင့်လက်အောက်ခံများ၏ သွေးထိုးလှုံ့ဆော်မှုအား အထူးသတိထားရှောင်ရှားကြရန် PNFC က ၎င်းတို့၏ထုတ်ပြန်ချက်တွင် တိုက်တွန်းနှိုးဆော်ထားသည်။
ပအိုဝ်းအမျိူးသားဖယ်ဒရယ်ကောင်စီ (PNFC) ကို စစ်ကောင်စီမှ အာဏာသိမ်းယူပြီးနောက် အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖြတ်ရန်၊ မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီစနစ် ထွန်းကားရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်နိုင်ရန် အမျိုးသားရေးအပါအဝင် တစ်နိုင်ငံလုံးအရေးအားဖြင့် ပေါင်းစပ်ဖွဲ့စည်းထားခြင်းဖြစ်ပြီး ပြည်တွင်းပြည်ပမှ ပအိုဝ်းအင်အားစုများ၊ အရပ်ဖက်အဖွဲ့များ၊ CDM (အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု) တွင် ပါဝင်သူများ အစရှိသည့် အလွှာအသီးသီးဖြင့် ဖွဲ့စည်းထားပြီး အမျိုးသားညီညွှတ်ရေး အတိုင်ပင်ခံကောင်စီတွင်လည်း အဖွဲ့ဝင်တစ်ဖွဲ့အဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိသည်။
နန့်ဆန်းထီ (KIC) – ပေးပို့သည်။