ဖားကန့်မြို့နယ်အတွင်း KIA ၊ PDF အပါအဝင် ပြည်သူစုစုပေါင်း ၉ ဦးထက်မနည်း ဖမ်းဆီးခံရ

By MPM 13 မတ်, 2023 👁

ဖားကန့်မြို့နယ် ဖားပြင်ကျေးရွာ ရိုးရာယဉ်ကျေးမှုရုံးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့ဝင် ၄ ဦးနှင့် အရပ်သားပြည်သူ ၅ ဦး နေရာတစ်ခုတွင် ဖမ်းဆီးခံရကြောင်း ဒေသခံများမှ သိရသည်။

မတ်လ ၁၁ ရက်နေ့ ဖားပြင်ကျေးရွာရှိ ရိုးရာယဉ်ကျေးမှုရုံးတွင် အစည်းအဝေးပြုလုပ်နေစဉ် စစ်ကောင်စီတပ်မှ လာရောက်ဖမ်းဆီးသွားကြောင်းဒေသခံတစ်ဦးက KNG ကို ယခုလိုပြောဆိုသည်။

“ သတင်းအတိအကျ ရထားတဲ့ပုံစံဘဲ ယဉ်ကျေးမှုရုံးထဲမှာ အစည်းအဝေးလုပ်နေတဲ့ချိန် စစ်တပ်က တစ်ခါတည်းလာဝိုင်းပြီး ဖမ်းသွားတာလို့ သိရတယ်။ ဘယ်သူဘယ်ဝါဆိုတာ အသေးစိတ်တော့ မသိရသေးဘူး” ဟု ပြောသည်။

စစ်ကောင်စီတပ် အင်အား ၃၀ ဝန်းကျင်သည် ဖားပြင်ကျေးရွာအတွင်းရှိ ရိုးရာယဉ်ကျေးမှုရုံးသို့ အိမ်စီးကားများဖြင့် သေနတ်ပစ်ဖောက် ဝင်ရောက်လာပြီး ဖမ်းဆီးသွားကြောင်း သိရသည်။

“ ဖမ်းခံသွားရတဲ့ထဲတော့ ဒေသခံ‌တွေပိုများတယ်။ ရိုးရာယဉ်ကျေးမှုဝင်းစောင့်တဲ့သူရော နောက်ပြီး လောဘန်းတစ်ချို့လည်း ပါတယ်ပြောတယ်။ အတိအကျ ပြောဖို့ခက်သေးတယ်” ဟု ပြောသည်။

ထို့ပြင် ရိုးရာယဉ်ကျေးမှု အိမ်ဝင်းထဲရှိ Landcruiser အဖြူးတစ်စီး Kluger အနက်ရောင်တစ်စီးအပါအဝင် Wish အဖြူတစ်စီးကိုလည်း သိမ်းယူသွားသည့်အပြင် လက်ရှိချိန်ထိ ဖားကန့်မြို့ ဖားပြင်အပါအဝင် အချို့ရပ်ကွက်ရှိ နေအိမ်များတွင် လိုက်လံစစ်ဆေးမှုပြုလုပ်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ‌ဇန်နဝါရီလအတွင်းမှစကာ ဖားကန့်မြို့ထဲ အရပ်သားပြည်သူများအပါအဝင် KIA၊ PDF နှင့် ဆက်စပ်သည်ဟု ယူဆသည့် နေအိမ်များထိ ဖမ်းဆီးမှု ဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။

KNG – ပေးပို့သည်။