ပြည်မြို့ စရဖ ရုံး ပေါက်ကွဲမှုဖြစ်ပွားပြီး စစ်ကောင်စီတပ်သားများ သေဆုံး

By MPM 13 မတ်, 2023 👁

ပဲခူးတိုင်း၊ ပြည်မြို့၊ နဝဒေးတံတားအနီး၊ ဒေသအခေါ် မင်းကြီးတောင်ပေါ်ရှိ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးတွင် မတ်လ ၁၂ ရက် ညနေပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ပြည်မြို့ ဒေသခံတစ်ချို့ဆီမှ သိရှိရသည်။

ယင်းပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးသူတွေရှိသည်ဟု ကြားသိရကြောင်း ဆင်စုရပ်ကွက်မှ ဒေသခံတစ်ဦးက နိရဉ္စရာကို ပြောသည်။

“မနေ့ကဖြစ်တာဗျ။ တောင်ပေါ်မှာ သူတို့တစ်နေရာကသယ်လာတဲ့ ပါဆယ်ဗုံးထဲကလို့ ပြောတာပဲ။ အဲ့ဒီက ဝန်ထမ်းသုံးလေးယောက်တော့ သေတယ်ကြားတယ်။ ဒဏ်ရာရတဲ့သူတွေလဲရှိတယ်ဗျ။ စစ်ဆေးရုံကို ပို့ထားတယ်လို့တော့ သိရပါတယ်”

အဆိုပါပေါက်ကွဲမှုဖြစ်ပေါ်ခဲ့သည့်နေရာသည် မင်းကြီးတောင်ပေါ်တွင်ဖြစ်ပြီး တောင်ခြေ၌ပင် လုံခြုံရေးတင်းကြပ်ထားသည့် နေရာပင်ဖြစ်၍ ဖြစ်စဉ်အသေးစိတ်အား စုံစမ်းရန် ခက်ခဲလျက်ရှိသည်။

မင်းကြီးတောင်ပေါ်တွင် ဘုန်ကြီးကျောင်းများနှင့် စစ်ကောင်စီ၏ လက်အောက်ခံအဖွဲ့အစည်းများ တပ်ချရာနေရာဖြစ်ပြီး စစ်တပ်အာဏာစသိမ်းချိန်တုန်းက ဖမ်းဆီးခံရသည့် ပြည်သူများကို စစ်ကြောရေးပြု လုပ်သည့် အဓိကနေရာတစ်ခုဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြည်မြို့ အဝင်/အထွက်ဂိတ်များ၊ လမ်းသွားလမ်းလာများနှင့် ရပ်ကွက်အချို့တို့တွင် အမှတ် ၉၅၉ အလုပ်ရုံ တပ်ခွဲမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။