တနင်္သာရီမြို့နယ်မှာ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

0
140

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာထဲကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ တနင်္သာရီမဟာမိတ်တပ်ပေါင်းစု တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မတ် ၁၀ ရက်နေ့ မနက် ၈ နာရီလောက်က တနင်္သာရီမြို့နယ်၊ ဆန်းသစ်ရွာ ဘုန်းကြီးကျောင်းတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ လယ်သစ်အရှေ့ကျေးရွာထဲကို လက်နက်ကြီး ၁၁ ချက်ထက်မနည်း ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ လယ်သစ်အရှေ့ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး အသက် ၆၀ ကျော် အဘွားအိုတစ်ဦးအပါအဝင် ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် နေအိမ် ၂ လုံးထက်မနည်း ထိမှန်ပျက်စီးသွားပြီး ဒေသခံ ၂၀၀ ကျော်မှာလည်း ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ကလည်း ဗောဓိကမ်းရှိ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရှေ့ဘန်လောကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် စာသင်ကျောင်း အပါအဝင် နေအိမ် ၅ လုံး ပျက်စီးထားပါတယ်။

တနင်္သာရီမြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာ၊ ကျေးရွာအတွင်း မကြာခဏ လက်နက်ကြီး ပစ်ခတ်မှုတွေကို ဆက်တိုက် လုပ်ဆောင်နေတဲ့အတွက် ဒေသခံ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here