သရက်မြို့နယ်အတွင်း ရဲစခန်းတိုက်ခံရသဖြင့် အကူလာသောစစ်ကား ထပ်မံတိုက်ခိုက်ခံရကာ ၈ ဦးသေဆုံး

By MPM 24 ဖေ‌ဖော်ဝါရီ, 2023 👁

မကွေးတိုင်းအတွင်း တိုက်နယ် ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကူလာသည့် စစ်ကားထပ်မံ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောက်စီလက်အောက်ခံ တပ်ဖွဲ့ဝင် ၈ ဦးသေဆုံးသွားသည်ဟု သရက်ခရိုင် PDF တပ်ရင်း ၄ ပြန်ကြားရေးကပြောသည်။

သရက်မြို့နယ်ထဲက ဆင်ကော် တိုက်နယ်ရဲစခန်းကို ဖေဖော်ဝါရီ ၂၀ ရက်၊ တနင်္လာနေ့ နံနက်အစောပိုင်းက ၄၀ မမ လောင်ချာဖြင့် ၃ ချက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒုရဲအုပ်တစ်ဦး အပါအဝင် ၃ ဦး သေဆုံးသွားသည်။

သရက်ခရိုင် PDF တပ်ရင်း ၄ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ”မိုင်းနဲ့ဆွဲတာ ကားပါ ပက်လက်လန်သွားတယ်။ မိုင်းကွဲပြီးတော့ နှစ်ဘက်ညှပ်ပစ်ကြတာဆိုတော့ အသေအပျောက်များနိုင်တယ်” ဟု ပြောသည်။

သရက်ခရိုင် PDF တပ်ရင်း ၄ နှင့် မိုးကြိုးပြောက်ကျားအဖွဲ့တို့ ပူးပေါင်းကာ ၃ ချက် ပစ်ခတ်ရာ ၂ ချက်မှာ ရဲစခန်းထဲ တည့်တည့်ကျပြီး ဒု-ရဲအုပ်တဦးနှင့် ရဲတပ်ကြပ်တို့ ၃ ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

စစ်ကူလာသည့် ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ ၁၂ က အင်အား ၂၅ ဦးခန့်ပါသည့် လိုက်ထရပ်ကားကိုလည်း ပုဏ္ဍားကျေးရွာနှင့် တွင်းလည်ကျေးရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ရာ အဆိုပါ နေရာတွင်လည်း ၅ ဦးခန့် ထပ်မံသေဆုံးခဲ့သည်ဟု ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောသည်။

အလားတူ ဖေဖော်ဝါရီလ ၂၀ ရက်နေ့၊ နံနက်က မင်းတုန်းမြို့အဝင် ၅ မိုင် စစ်ဆေးရေးဂိတ်ကို ဒရုန်းနှင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာတွင် ပေါက်ကွဲခြင်းမရှိဟု အသက် ၃၀ အရွယ် လူငယ်တစ်ဦးက ပြောသည်။

၅ မိုင် စစ်ဆေးရေးဂိတ်သည် ပုသိမ်-မုံရွာ လမ်းမပေါ်တွင်ရှိပြီး ဆင်ကော်ရဲစခန်းသည် သရက်မြို့နယ်ထဲတွင် ပါဝင်သော်လည်း မင်းတုန်းချောင်းဘေးတွင်ရှိပြီး မင်းတုန်းမြို့နယ် အဆုံးနားတွင်ရှိသည့် ချောင်ကျသည့် စခန်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

သရက်ခရိုင်ဆေးရုံကို ရဲနှင့်စစ်သားအလောင်း ၈ လောင်းခန့် ရောက်လာသည်ဟု ခရိုင်ဆေးရုံနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

NMG – ‌ပေးပို့သည်။