ထားဝယ်မြို့နယ် ဝကုန်းမှာ တိုက်ပွဲဖြစ်ပြီး ဒေသခံနေအိမ်တွေကို စစ်ကောင်စီတပ် မီးရှို့

By MPM 17 ဖေ‌ဖော်ဝါရီ, 2023 👁

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ဝကုန်းကျေးရွာမှာ တိုက်ပွဲဖြစ်ပွားပြီးနောက် အထိနာခဲ့တဲ့ စစ်ကောင်စီတပ်က ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထားဝယ်အရှေ့တော PDF က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့ မနက် ၁၀ နာရီခွဲအချိန်လောက်မှာ ထားဝယ်ဘက်ကနေ တပ်အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းတပ်တို့ကြား ဝကုန်းကျေးရွာအနီးမှာ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ဝကုန်းကျေးရွာအတွင်း ဝင်ရောက်လာပြီးနောက် ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၂ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ မနက်ပိုင်းမှာလည်း ဝကုန်းကျေးရွာကနေ ပြန်ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲထပ်မံဖြစ်ပွားနေပြီး ညနေ ၄ နာရီအချိန်အထိ ပစ်ခတ်မှုတွေ ဆက်ဖြစ်နေပေမယ့် အခြေအနေအသေးစိတ် မသိရသေးပါဘူး။

ဝကုန်းကျေးရွာဘက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသခံတွေဟာ တိုက်ပွဲမဖြစ်ခင်ကတည်း ကြိုတင်ထွက်ပြေးတိမ်းရှောင်နေတာတွေ ရှိနေတာပါ။

ထားဝယ်အရှေ့တောဒေသမှာ စစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းတပ်တို့ကြား နှစ်လနီးပါးအကြာ တိုက်ပွဲငြိမ်သက်နေရာကနေ တကျော့ပြန်တိုက်ပွဲတွေ ထပ်မံဖြစ်ပွားခဲ့ပါတယ်။

တနင်္သာရီတိုင်းဒေသကြီးထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ တစ်လအတွင်း စစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပေါင်း အကြိမ် ၃၀ ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Southern Monitor က ထုတ်ပြန်ထားပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။