တနင်္သာရီမြို့နယ်က တစ်ပတ်အတွင်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ နီးပါး သေဆုံး

By MPM 31 ဇန်နဝါရီ, 2023 👁

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်နေ့ကနေ ၂၉ ရက်အထိ တစ်ပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ နီးပါး သေဆုံးခဲ့တယ်လို့ တနင်္သာရီမြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီတိုက်ပွဲတွေဟာ စစ်ကောင်စီတပ်စခန်းတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က သွားရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။

နှစ်ဖက်တိုက်ပွဲတွေဟာ တနင်္သာရီမြို့ပေါ်နဲ့ တနင်္သာရီမြို့နယ်ထဲက ဘန်းလမွတ်၊ ဗောဓိကမ်း၊ သမုတ်ခြုံ၊ မရင်းကြီးကျေးရွာဘက်တွေမှာ နေ့စဉ်ရက်ဆက် ဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ နီးပါး သေဆုံးခဲ့သလို ဒဏ်ရာရသူ အများအပြားရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော် ၃ ဦးကျဆုံးခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

တနင်္သာရီမြို့နယ်ထဲက တိုက်ပွဲတွေကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သလို ဒေသခံထောင်နဲ့ချီ နေရပ်စွန့်ခွာထွက်ပြေးနေရတာပါ။

တစ်ပတ်အကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေဟာ ဒီနေ့ ဇန်နဝါရီ ၃၀ ရက်နေ့မှာ ပြန်လည်ငြိမ်သက်ပေမယ့် စစ်ရေးဆက်လက် တင်းမာနေတယ်လို့ သိရပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။