တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ ဆောက်လုပ်ရေးရုံးအနီး ဘိလိယက်ယက်ခုံမှာ မနေ့ ဇန်နဝါရီ ၂၄ ရက်နေ့ ညနေ ၃ နာရီလောက်က စစ်တပ်ပိုင် မြဝတီသတင်းစာ သတင်းထောက်တစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်တပ်ပိုင် မြဝတီသတင်းစာမှာ သတင်းရေးသားနေတဲ့ သတင်းထောက် ကိုလင်းလင်းထွန်းကို ကလိန်အောင်မြို့အခြေစိုက် Spring Dhamma PDF (KLA) နဲ့ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦး (DDPDF) ပူးပေါင်းအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တာပါ။
သတင်းထောက် ကိုလင်းလင်းထွန်းဟာ သေနတ်နဲ့ အနီးကပ် ပစ်ခတ်ခံရတာကြောင့် ဦးခေါင်းနဲ့ ခန္ဓာကိုယ်တွေမှာ သေနတ်ဒဏ်ရာ ၇ ချက် ရရှိပြီး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့တာပါ။
“ သူက သတင်းထောက်လည်း လုပ်တယ်၊ စစ်တပ်ကို သတင်းပေးလည်း လုပ်လို့ ရှင်းလိုက်တာပါ၊ သူကို စောင့်ကြည့်နေတာကြာပြီ၊ ဘောခုံက လူစုံတော့ သတင်းလာလာယူပြီး စကစတွေဆီ ပြန်ပို့နေတာ” လို့ Spring Dhamma PDF (KLA) ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ကိုလင်းလင်းထွန်း ပစ်သတ်ခံရပြီးနောက် ကလိန်အောင်မြို့အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၄၁၀) က တပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီးနောက် သေနတ်နဲ့ ပစ်ဖောက်တာနဲ့ စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက်မှာတော့ စစ်ကောင်စီတပ်ဟာ သေဆုံးသွားတဲ့ ကိုလင်းလင်းထွန်းရဲ့ ရုပ်အလောင်းကို တပ်တွင်း သယ်ဆောင်သွားမယ်လို့ သိရပါတယ်။
Spring Dhamma PDF (KLA) ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ကလည်း ကလိန်အောင်နယ်မြေရဲစခန်းက ရဲတပ်ကြပ်ကြီး ရဲဝင်းထွန်းကို နေအိမ်မှာပဲ ပစ်ခတ်ရှင်းလင်းထားတာ ဖြစ်ပါတယ်။
သံလွင်တိုင်းမ် – ပေးပို့သည်။