ကြံ့ခိုင်ရေးပါတီဝင်ဟောင်း အသတ်ခံရပြီးနောက် နန်းမားရွာ အမျိုးသားနှစ်ဦး မသင်္ကာမှုဖြင့် ဖမ်းဆီးခံထားရ

By MPM 26 ဇန်နဝါရီ, 2023 👁

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားကျေးရွာတွင် ကြံ့ခိုင်ရေးပါတီဝင်ဟောင်းလည်းဖြစ် လက်ရှိပျူစောထီးခေါင်းဆောင်လည်း ဖြစ်သူ ဦးတင်ညွန့်သတ်ခံရပြီးနောက် မသင်္ကာမှုဖြင့် ဒေသခံ အမျိုးသားနှစ်ဦးဖမ်းဆီးခံရကြောင်း သိရသည်။

လက်ရှိ ပျူစောထီးခေါင်းဆောင်ဖြစ်သူ ဦးတင်ညွန့်သည် ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက် ၇ နာရီအချိန်က နမ္မားမြို့ သံလမ်းဘေးရှိ ‘ကိုဆန်းဝင်း‘ လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်ထိုင်သောက်နေစဥ် အမည်မသိလူနှစ်ဦးက သေနတ်ဖြင့်ပစ်သတ်သွားပြီးနောက် စစ်ကောင်စီရဲနှင့် စစ်သားများက မြို့တွင်းနေရာအနှံ့ စစ်ဆေးခဲ့ရာ ပြည်သူနှစ်ဦး ဖမ်းခံလိုက်ရကြောင်း နမ္မားမြို့မှ အမျိူးသားတစ်ဦးက KNG ကိုပြောသည်။

”ဦးတင်ညွန့်သတ်ခံရတဲ့နောက် စစ်သားတွေရဲတွေ မြို့ထဲနေရာစုံလိုက်စစ်တော့တာပဲ ဆိုင်တွေကောစစ်တယ် အမျိုးသားနှစ်ယောက်ဖမ်းသွားတယ်။ တစ်ယောက်က ငွေလွဲငွေထုတ်ဆိုင်လုပ်တာ တစ်ယောက်က အဲ့လက်ဖက်ရည်ဆိုင်ရှေ့ကပဲ။ မနေ့က ညပိုင်းမှာ ဖမ်းခံလိုက်ရတာ” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ဖမ်းဆီးခံလိုက်ရသည့် အမျိုးသားနှစ်ဦးမှာ ငွေလွဲငွေထုတ်လုပ်ငန်းလုပ်ကိုင်သူ ကိုတင့်အောင်ကြည် အသက် စုံစမ်းဆဲနှင့် ဖြစ်စဥ်ဖြစ်ပွားသည့်အနီး နေထိုင်သူ ဦးသာစန်း အသက်စုံစမ်းဆဲတို့ဖြစ်ပြီး ယနေ့နံနက်ပိုင်းထိ နမ္မားစစ်တပ်ထဲတွင် ဖမ်းဆီးထိန်းသိမ်းထားဆဲဟု သိရသည်။

အမျိုးသားနှစ်ဦး ဖမ်းဆီးခံရမှုသည် ဦးတင်ညွန့် ပစ်သတ်ခံရမှုဖြစ်စဥ်နှင့်ဆက်နွယ်သည်ဟုဆိုကာ မသင်္ကာမှုဖြင့် ဖမ်းဆီးခံရကြောင်း ဒေသခံများပြောဆိုနေသော်လည်း KNG က သီးခြားအတည်မပြုနိုင်ပေ။

ယမန်နေ့ အသတ်ခံရသည့် ဦးတင်ညွန့်သည် ယခင်က ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင်မူ ကချင်ပြည်နယ် အမျိုးသားလွတ်တော် မဲဆန္ဒနယ်အမှတ် (၇) နေရာတွင် ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေး ပါတီမှ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ အနိုင်မရခဲ့ပေ။

KNG – ပေးပို့သည်။