ကနီမြို့နယ်အတွင်း လူဦးရေ ၁၀၀ ကျော်ဖြင့် စစ်အာဏာရှင်ဖြုတ်ချရေး သပိတ် ပြုလုပ်

By MPM 18 ဇန်နဝါရီ, 2023 👁 4

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် လူဦးရေ ၁၀၀ ကျော်ဖြင့် စစ်အာဏာရှင်ဖြုတ်ချရေး သပိတ် ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

“မနက်အစောက လုပ်လိုက်တာ လာကြတာက ဒေသခံ ၁၀၀ ကျော် ၂၀၀ လောက်တော့လာတယ်။ စစ်အာရှင်ဖြုတ်ချဖို့ ရတဲ့နေရာက ပါဝင်ဖြစ်တဲ့သဘောပါ” ဟု ဒေသခံတစ်ဦးက ဖြေကြားခဲ့သည်။

အဆိုပါ သပိတ်ကို နွေဦးတော်လှန်ရေးသပိတ်အင်အားစု (ကနီမြို့နယ်) မှ ဦးဆောင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

သပိတ်တွင်ပါဝင်ကြသူများသည် ပိုစတာ၊ ဆိုင်းဘုတ်များကိုင်ဆောင်ပြီး “ပြည်သူ့လွတ်လပ်ရေးအတွက် တော်လှန်ရေးနှင့် အပြီးရယူကြ” ၊ “ထလော့ မြန်မာ၊ မြန်မာ ထလော့”၊ “ထလော့ ကနီ၊ ကနီ ထလော့” သည်များ ကြွေးကြော်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ကို ပြုခဲ့ကြသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ထိုင်အပြင် သခင်မျိုးဟေ့ ဒို့မြန်မာ၊ အရေးတော်ပုံအောင်ရမည် အောင်ကိုအောင်ရမည်၊ သခင်မျိုးဟေ့ ဒို့ကနီ၊ အရေးတော်ပုံအောင်ရမည် အောင်ကိုအောင်ရမည်များကိုလည်း ကြွေးကြော်ခဲ့ကြကြောင်း သိရှိရသည်။

သပိတ်ဦးဆောင်သူများမှလည်း စစ်အာဏာရှင်ဆန်ကျင်ရေး ဟောပြောမှုများ ပြုလုပ်ခဲ့ပြီး သပိတ်တွင် ပါဝင်သူများမှ ခေတ်အဆက်ဆက်နှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ကြသည့် ရဟန်းရှင် လူ ကျောင်းသား မိဘပြည်သူများအား အလေးပြုခြင်း၊ သွေးသစ္စာသီချင်းကို သီဆိုခြင်းများပြုလုပ်ခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီးသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် စစ်ကောင်စီတပ်အတို့အကြား ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကျေးရွာများကို စွန့်ခွာကာ စစ်ရှောင်နေကြရမှု အများဆုံး ဒေသတစ်ခုဖြစ်ကြောင်း သိရှိရသည်။

ခိုင်လူလှ (ရိုးမမြေ) – ပေးပို့သည်။