ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်မှာ အခြေစိုက်တဲ့ ခလရ ၁၀၂တပ်မှ ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်မှုတွေ ပြုလုပ်နေပါတယ်။
ဇန်နဝါရီလ ဒုတိယ အပတ်ကနေစပြီး လက်နက်ကြီးတွေ နေ့ရောညပါ ဆက်တိုက် ပစ်ခတ်မှုတွေ ပြုလုပ်နေတယ်လို့ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းမှ ဒေသခံတွေက ပြောပါတယ်။
ယနေ့ ဇန်နန်ဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းမှာတော့ ဒီးမော့ဆိုအရှေ့ခြမ်းရှိ ကျေးရွာတွေထဲကို လက်နက်ကြီးတွေ ၁၀ လုံးထက်မနည်း ပစ်ခတ်ခဲ့ပြီး ကျရောက်ပေါက်ကွဲကာ လူနေအိမ်တွေ ထိခိုက်ပျက်စီးတာတွေ ရှိနေပါတယ်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဆက်တိုက် ပစ်ခတ်နေတာဟာ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ ကယားပြည်နယ်နေ့ အခမ်းအနားမှာ ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်ကြောင့်ဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုကြပါတယ်။
“ ဒီဘက်မာတော့ တိုက်ပွဲတော့ မကြားဘူး။ ဒါပေမယ့် လွိုင်ကော်တွေမှာတော့ အသံကြားနေရတယ်။ လွိုင်ကော်မာ ပြုလုပ်တဲ့ ကယားဒေးပွဲကြောင့်လားတော့ မသိဘူး လက်နက်ကြီးတွေ ဆက်တိုက်ပစ်နေတယ်။” လို့ ဒီးမော့ဆိုအရှေ့ခြမ်းမှ ဒေသခံတစ်ဦးက ပြောပါတယ်။
ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ ကယားပြည်နယ်နေ့မှာ လွိုင်ကော်မြို့မှာ အခမ်းအနားကျင်းပပြုလုပ်နေစဉ် တိုက်ခိုက်ခံရတာကြောင့် တစ်ဦးသေဆုံးပြီး လုံခြုံရေးဝန်ထမ်းတွေအပြင် ၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ နကစ သတင်းစာမျက်နှာမှာ ထုတ်ပြန်ထားတာပါ။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့ညမှာလည်း ဒီးမော့ဆိုမြို့အရှေ့ခြမ်းရှိ ကျေးရွာတွေထဲကို လက်နက်ကြီးကျရောက်ပြီး လူနေအိမ် တစ်လုံး မီးလောက်ပျက်စီး သွားခဲ့ပါတယ်။ ဒါ့အပြင် ဘုန်းကြီးကျောင်း နှစ်ကျောင်းလည်း လက်နက်ကြီးထိမှန် ပျက်စီးသွားခဲ့တာလည်း ရှိပါတယ်။
နော်ဒွေးအယ်ခူ ကန္တာရဝတီတိုင်း(မ်) – ပေးပို့သည်။