တိုက်ပွဲပြင်းထန်မှုကြောင့် ကြာအင်ဆိပ်ကြီးမြို့နယ်တွင် ၈ ရက်တာ သွားလာမှု တားမြစ်ထား

By MPM 16 ဇန်နဝါရီ, 2023 👁

ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်နေသောကြောင့် ယခုလ ၁၆ ရက်နေ့မှစ၍ လာမည့် ၂၃ ရက်ရက်နေ့အထိ ၈ ရက်တာ သွားလာမှုမပြုရန် KNU ဘက်မှယနေ့ ထုတ်ပြန်ထားသည်။

လက်ရှိ ဒူးပလာယာခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် နယ်မြေအတွင်း တိုက်ပွဲပြန်းထန်နေသောကြောင့် ခရီးသွားပြည်သူများအနေဖြင့် ခရီးသွားလာရန် အလွန်အန္တရာယ်ရှိသောကြောင့် ကြာအင်းဆိပ်ကြီး နှင့် ဘုရားသုံးဆူလမ်း သွားလာအသုံးပြုနေသည့် ခရီးသည်တင်ယာဉ်များအနေဖြင့် ယခုလ ၁၆ ရက်နေ့မှစ၍ ၂၃ ရက်နေ့အထိ လုံးဝ သွားလာခြင်းမပြုရန် ထုတ်ပြန်ထားသည်။

လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး ကြာအင်းဆိပ်ကြီးမြို့ ဒေသခံ အခုက နှစ်ဖက်စစ်ရေးတင်းမာမှုက ရှိနေတုန်းပဲ။ အခုက ခံစစ်ထက် တိုက်စစ်ကို လုပ်ဖို့ သူတို့မှာ အစီအစဉ်ရှိတယ်လို့ ကြားမိတယ်။ အဲ့အတွက် လက်နက်ကြီး ကျည်တွေ မထိအောင်လို့ ဒေသခံတွေကို အပြင်တွေ မထွက်ဖို့ မှာထားတာရှိတယ်။ ဟု ကေအိုင်စီသို့ ပြောသည်။

ယနေ့နံနက်ပိုင်းအထိ နှစ်ဖက်တိုက်ပွဲမရှိသေးသော်လည်း အဆိုပါ သတိပေးစာထုတ်ပြန်ပြီးနောက်ပိုင်း လက်ရှိတွင် ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းကို အသုံးပြုသွားလာသူ မရှိတော့ကြောင်းလည်း အဆိုပါ ဒေသခံက ဆက်ပြောသည်။

သို့သော် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ကြာအင်းဆိပ်ကြီးမြို့နယ်၊ သမင်လှည့် ကျေးရွာအတွင်းသို့ ဝင်ရောက်လာ၍ ဒေသခံအမျိုးသား ၁၀ ဦးကျော်ကို ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်ခဲ့သလို လက်ရှိ တုလေးကုန်းကျေးရွာမှ ဒေသခံရွာသားတချို့ကိုလည်း ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေကြောင်း နီးစပ်သည့် ဒေသခံများမှ တဆင့်သိရသည်။

ထိုသို့ ဖမ်းဆီးမှုပြုရခြင်းမှာ ဒေသခံ ရွာသားများကို လူသားဒိုင်းအဖြစ် အသုံးပြုရန်အတွက်ဖြစ်သလို အဆိုပါ ကျေးရွာများတွင် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြသောကြောင့် နေအိမ်အတွင်းရှိ အဖိုးတန် ပစ္စည်းများ လည်း ဖောက်ထွင်းခိုးယူခံနေရပြီး နေအိမ် နှစ်လုံးမှာလည်း မီးရှို့ဖျက်ဆီးခံလိုက်ရကြောင်း အမည်မဖော်လိုသည့် သမင်လှည့် ဒေသခံ အမျိုးသမီး တစ်ဦးက ယခုလိုပြောသည်။

၎င်းက “ပြီးခဲ့တဲ့ မနေ့ တစ်နေ့က စစ်တပ်က အမျိုးသား ၁၀ ယောက်ကျော်လောက်ဖမ်းလိုက်တယ်။ ပြီးတော့ ညပိုင်း သူများအိမ်တွေလိုက်ဝင်ပြီး လိုက်ဖျက်ဆီးတာလုပ်တယ်။ အလှူငွေတွေဆိုလည်း ယူပလိုက်တယ်။ သိန်း ၄၀ လောက်ပါသွားတယ်။ ပြီးတော့ ဝက်တွေ ကြက်တွေလည်း ပစ်သတ်စားသွားသေးတယ်။” ဟု ကေအိုင်စီ သို့ ပြောသည်။

ထို့အပြင် လက်ရှိ ကေအဲန်ယူ၏ သတိပေး ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီးလည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တိုက်ပွဲအပြင်းအထန် ဖြစ်ပေါ်ခဲ့သလို စစ်ကောင်စီဘက်မှ အင်အား အလုံးအရင်းဖြင့် ဝင်ရောက် လှုပ်ရှာနေခြင်းကြောင့် တိုက်ပွဲ ဆက်လက်ပြင်းထန်လာနိုင်ကြောင်း အဆိုပါ အမျိုးသမီး က ဆက်ပြောသည်။

ဒီဇင်ဘာလကုန်ပိုင်းမှစ၍ စတင်ဖြစ်ပေါ်နေသည့် ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်း တိုက်ပွဲမှ ယမန်နေ့ အချိန်ထိ ဆက်လက် ဖြစ်ပေါ်နေဆဲဖြစ်ပြီး နှစ်ဖက် စစ်ရေး တင်းမာမှုများရှိနေသေးသောကြောင့် တိုက်ပွဲ ဆက်လက် ပြင်းထန်နိုင်ကြောင်းနှင့် ၎င်းတိုက်ပွဲများကြောင့် သောင်းနှင့်ချီသည့် ဒေသခံများလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

KIC – ပေးပို့သည်။