“ချင်းပြည်နယ်ရဲ့ နယ်မြေဒေသ ၇၀ ရာခိုင်နှုန်းကျော်ကတော့ ကျနော်တို့ ထိန်းချုပ်မှုအောက်မှာ ရှိတယ်” ဆလိုင်းထက်နီ (ပြောရေးဆိုခွင့်ရှိသူ၊ CNF)

By MPM 22 နိုဝင်ဘာ, 2022 👁

ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီနှင့် အမေးဖြေ

၂၂ နိုဝင်ဘာ ၂၀၂၂

မြန်မာ့နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်ကို တူမီးသေနတ်တွေစွဲကိုင်ပြီး အစောဆုံးတော်လှန်ခဲ့တဲ့ ချင်းပြည်နယ်ကို အာဏာသိမ်းစစ်ကောင်စီက “အနော်ရထာစစ်ဆင်ရေး” အမည်တပ်ပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလဆန်းပိုင်းကတည်းက မကွေးနဲ့ စစ်ကိုင်းတိုင်းကနေ စစ်အင်အားအလုံးအရင်းနဲ့ချီတက်လာပြီး စစ်ဆင်ရေးတွေ အကြီးအကျယ် ဆောင်ရွက်လာခဲ့ပါတယ်။

ချင်းတောင်ကို စစ်အင်အားအလုံးအရင်းနဲ့တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ချင်းအမျိုးသားတပ်မတော် CNA နဲ့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ CDF တွေက ခုခံတော်လှန်လာခဲ့ကြတာ အခုဆိုရင် တစ်နှစ်ခွဲကျော်လာပြီဖြစ်ပါတယ်။

ခုလက်ရှိချင်းပြည်နယ်ရဲ့ စစ်ရေး၊ နိုင်ငံရေး အနေအထားတွေဘယ်လိုရှိပါလဲ။ ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကို တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ။ အခုလက်ရှိ ချင်းပြည်နယ်မှာဖြစ်နေတဲ့ စစ်ရေးအခြေအနေ ဘယ်လိုရှိလဲ။

ဖြေ။ ။ အခုကမိုးလည်းကုန်ပြီဆိုတော့ ပွင့်လင်းရာသီမှာ သူတို့လုပ်နေကြတော့ လုပ်နိုင်ဖွယ်ရှိတာပေါ့။ ဒါပေမယ့် စစ်ရေးဆိုတဲ့နေရာမှာ တိုက်ပွဲကွက်ကြားကွက်ကြား ဖြစ်နေတာတော့ အမြဲတမ်းရှိတာပေါ့။ ပွင့်လင်းရာသီဆိုတဲ့နေရာမှာ အခုသူတို့က အခုနှစ်မှာ ဖေဖော်ဝါရီလမှာတစ်ခါ ၄ လကြာပြီးမှ မိုးအဝင်မှာတစ်ခါအဲ့သလိုလာတယ်။ အခုဆောင်းရောက်ပြီ ဆိုတော့ အဲ့သလိုလာတဲ့အချိန်မှာ အဓိကကတော့ ရိက္ခာဖြည့် တင်းတာပေါ့။ ရိက္ခာကတော့ အောက်လမ်းကနေလာ လုပ်လေ့ရှိတယ်။ ဒီတစ်ခါလည်း အဲ့သလိုပဲ ပွင့်လင်းရာသီအတွက် ရိက္ခာလို့ပြောတဲ့အခါ စားနပ်ရိက္ခာနဲ့ ကျည်ဆံတွေ ပါတွေ အဲ့သလိုလုပ်လာနိုင်ဖွယ်ရှိတာပေါ့။ ဒီနှစ်ထဲမှာတော့ ချင်းပြည်နယ် မြောက်ပိုင်း ဟားခါးမြို့ဘက်မှာတော့ တိုက်ပွဲက များတယ်။ ချင်းပြည်နယ်တောင်ပိုင်းက မရှိသလောက်ဖြစ်တာပေါ့ အဲ့သလိုဖြစ်နေတယ်။ ပွင့်လင်းရာသီရောက်လာပြီဆိုရင် တော့ ချင်းပြည်နယ်တောင်ပိုင်း မတူပီဗျူဟာဘက်ကိုသော်လည်ကောင်း ဟားခါးဗျူဟာဘက် မြောက်ပိုင်းဘက်ကို သော်လည်းကောင်း ရိက္ခာတွေကတော့ ၄ လတစ်ခါအဲ့သလို လုပ်လာဖွယ်ရှိတာပေါ့။ တိုက်ပွဲတွေကွက်ကြားကွက်ကြား ချင်းပြည်နယ်မြောက်ပိုင်းတို့ တောင်ပိုင်းတို့မှာ အနည်းငယ်သဘော အမြဲတော့ရှိနေတဲ့သဘောတော့ရှိတာပေါ့။

မေး။ ။ စစ်ကောင်စီဟာ အနော်ရထာစစ်ဆင်ရေးဆိုပြီး ချင်းပြည်နယ်ကိုထိုးစစ်ဆင်လာခဲ့တယ်၊ အခု ၁ နှစ်ခွဲကျော် ကာလအတွင်းမှာ တိုက်ပွဲပုံစံကပြောင်းလဲသွားတာမျိုးရှိလား။

ဖြေ။ ။ ဟိုအရင်ဖြစ်တဲ့ပုံစံကတော့ ချင်ပြည်နယ်မှာအထိုင်တပ်ဆိုတာရှိတယ်။ ဟိုမြေပြန့်ကနေတက်လာတဲ့ဟာတွေ အလုံးအရင်းတဲ့တက်လာတဲ့ဟာပေါ့။ တစ်နှစ်ကျော်အကြာမှာ သူတို့ရဲ့လုပ်ရှားတဲ့ပုံစံကတော့ နယ်မြေစိုးမိုးရေး အကြောင်း ပြပြီးတော့ ကျေးလက်ဒေသတွေကို နယ်မြေစစ်ဆင်ရေးတွေ နယ်မြေစိုးမိုးရေးအတွက်လုပ်လာတာတွေတော့ရှိတာပေါ့ နော်။ ဒါပေမယ့် ကျနော်တို့ဘက်က မြို့ပြင်ကိုမထွက်နိုင်အောင်ထိန်းထားတာပေါ့ ဒီနေ့အထိ နယ်မြေစိုးမိုးရေးဆိုပြီးတော့ ချင်းပြည်နယ် ကျေးလက်ဒေသတွေကို ထိုးစစ်ဆင်လာဖို့လုပ်ပေမယ့် သူတို့အနေနဲ့ ရှေ့ဆက်မတိုးလာနိုင်တဲ့အခြေအနေေ တာ့ရှိတာပေါ့။

မေး။ ။ ချင်းပြည်နယ်မှာဖြစ်နေတဲ့တိုက်ပွဲတွေအများစုက ဘယ်လိုတိုက်ပွဲမျိုးလို့ပြောလို့ရလဲ။ အရင်က နဲ့ ယခု ဘယ်လိုပုံစံပြောင်းလဲသွားတာရှိလဲ။

ဖြေ။ ။ အခုကျနော်တို့စစ်ဆင်ရေးအခြေအနေ သူတို့ဘက်စစ်ဆင်ရေးအခြေအနေ Offensive Force လား Defense Force လားဆိုတာ တိုက်ပွဲတစ်ခုမှာတော့ စစ်ဆင်ရေးတစ်ခုမှာတော့ ကျနော်ကဘက်ကနေ Offensive အနေထား ရောက်လိုက် Defense နေထားရောက်လိုက်ပုံစံ။ အရင်ကဆိုရင်တော့ သူအဖွဲ့ကိုယ့်ဖွဲ့ပစ်ခတ်ကြတာ။ နောက်ပိုင်းမှာက သူတို့စစ်ဆင်ရေးပုံစံကြတော့ လက်နက်ကြီးကိုပိုသုံးလာတာတွေရှိတယ်။ ကျနော်တို့ကို မချဉ်းကပ်ရဲဘူးပေါ့ ကျနော်တို့ကို လက်နက်ကြီးတွေနဲ့ အဝေးကနေလှမ်းပစ် လှမ်းထုအဲ့သလိုလုပ်တဲ့ အနေထားအခုဖြစ်နေပါတယ်။ ပြောလိုက်ရင်တော့ သူတို့တက်လာပြီဆိုရင်လည်း ကျနော်တို့က သူတို့ကိုအနီးကပ်သွားပစ်တာပေါ့။ သူတို့က ကျနော်တို့ကို မကပ်ရဲတော့တဲ့ အနေအထားပေါ့ လက်နက်ကြီးနဲ့မြို့ထဲကနေ တွေ့ကရာအားလုံးရမ်းသမ်းပစ် အဲ့သလိုပုံ့စံပါပဲ။

မေး။ ။ ခုဆိုရင် ပွင့်လင်းရာသီလည်းရောက်လာပြီဆိုတော့ ချင်းပြည်နယ်မှာ တိုက်ပွဲတွေပိုပြင်းထန်လာနိုင်လား။ စစ်ကောင်စီရဲ့တိုက်ပွဲဗျူဟာတွေပြောင်းလဲလာတာတွေရှိလာနိုင်လား။

ဖြေ။ ။ မနှစ်ကထက်စာရင် ချင်းပြည်နယ်တစ်ခုလုံးမှာ တိုက်ပွဲကလျှော့လာတယ်လို့ပြောလို့ရပါတယ် ချင်းပြည်နယ် တောင်ပိုင်းမှာတော့ ဒီနှစ်မှာ မြောက်ပိုင်းထက် စစ်ဆင်ရေးလျှော့တယ် အရင်နှစ်တွေဆိုရင် တောင်ပိုင်းတက်လာပြီ မြောက်ပိုင်းထက်လာပြီ မတူပီဗျူဟာကို အလုံးအရင်းတက်လာတယ် ဟားခါးဗျူဟာကို တကြိမ်တခါတည်းနဲ့ တက်လာတယ် ဒီနှစ်ထဲမှာတော့အဲလိုအနေထားမဟုတ်ဘူး အဲဓိကတော့ မြောက်ပိုင်းကို အဓိက ဦးတည်တယ် ခြုံပြောမယ်ဆိုရင် သူတို့ဘက်က တိုက်ပွဲအရှိန်ကလျှော့လာတယ် သူတို့ဘက်က အင်အားပိုနည်းသွား သလားမသိဘူးပေါ့ ပြီးတော့ သူတို့က လက်နက်ကြီးပဲ ပိုပြီးတော့သုံးလာတယ် အစကတော့ အဲလိုမဟုတ်ဘူး ကျနော်တို့က အနီးကပ်နဲ့ ပေ ၂၀၊ ၁၅ ပေ အဲလိုနဲ့ချတာကိုး အခုကအဲလိုအနေအထားမရောက်နိုင်တော့ဘူး လက်နက်ကြီးကပိုသုံးလာတယ် သို့သော် ပွင့်လင်းရာသီရောက်ပြီဆိုတော့ သူတို့က ဂျက်ဖိုက်တာတွေပေါ့နော် လုပ်လေ့ရှိတယ်ပြီးခဲ့တဲ့ အင်္ဂါနေ့ကပဲ ကင်းထေက် လေယာဉ် ကျနော်တို့အပေါ်ကို လာဝိုက်တာပေါ့နော် လေယာဉ်က ပိုပြီးတော့အသုံးပြုလာနိုင်တဲ့အလား အလာတော့ ရှိတာပေါ့ မြေပြင်ကနေ သူတို့က အင်အားလျှော့သွားသလားပေါ့နော် အဲလိုပြောလို့ရပါတယ်။

မေး။ ။ နွေဦးတော်လှန်ရေးတစ်နှစ်ခွဲကျော်လာတဲ့အချိန်မှာ CNF အပါအဝင် ချင်းလက်နက်ကိုင်တပ်ဖွဲ့အနေနဲ့ ချင်းပြည်နယ်မှာ နယ်မြေစိုးမိုးထိန်းချုပ်မှုအခြေအနေကဘယ်လိုရှိလဲ။

ဖြေ။ ။ ဒီနယ်မြေစိုးမိုးရေးဆိုတဲ့နေရာမှာ နယ်မြေဒေသအပါအဝင် ပြည်သူလူထုရဲ့ထောက်ခံမှုပါ တစ်ပါတည်းပြောရမှာ ပေါ့။ ပထမအနေနဲ့ ပြည်သူလူထုကတော့ ကိုယ့်ဘက် ၁၀၀ မှာ ၁၀၀ ပါတယ်လို့ပြောရမှာပေါ့ နယ်မြေစိုးမိုးရေးဆိုတဲ့ နေရာမှာလည်း ချင်းပြည်နယ်က ထူးခြားချက်က မြို့ပေါ်မှာထက် ကျေးလက်ဒေသမှာ လူဉီးရေကပိုများတယ်။ အဲ့လို အနေထားမှာပြည်သူလူထုက ကိုယ့်ဘက်ပါတယ်။ ဒီကျေးလက်ဒေသအားလုံးမှာ ကျနော်တို့ CNA အပါအဝင် အဓိက CDF ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက မြို့နယ် ၉ မြို့နယ်စလုံး ဟိုစစ်ကိုင်းတိုင်း အဲ့ဒီအထိပေါ့ ကျနော်တို့ကရှိတာပေါ့ အဓိက ချင်းပြည်နယ် ၉ မြို့ပေါ့ နယ်မြေဒေသရဲ့ ၇၀ ရာခိုင်နှုန်းကျော်ကတော့ ကျနော်တို့ရဲ့ ထိန်းချုပ်နယ်မြေအောက်မှာ ရှိတယ်လို့ပြောလို့ရ တယ်။ အဲ့ဒါနဲ့အတူ သက်သေကတော့ ကျေးလက်ဒေသတွေမှာ ဒေသအုပ်ချုပ်ရေးတွေ ကျန်းမာရေး၊ ပညာရေး ကိုယ့်ဟာကိုယ် လုပ်နေတာဖြစ်ပါတယ်။

မေး။ ။ ဒါဆိုရင် စစ်ကောင်စီရဲ့ ယန္တရားက ဘယ်လောက်အတိုင်းတာထိပဲရှိတော့တာလို့ပြောလို့ရမလဲ။

ဖြေ။ ။ အခုနကကျနော်ပြောသလို ၁၀၀ မှာ ၇၀ က ကျနော်တို့ဘက်က စိုးမိုးထားနိုင်တယ်။ ထိန်းချုပ်ထားနိုင်တယ်လို့ ကျနော်ပြောခဲ့ပြီးပြီ အခုက သူတို့က ၉ မြို့နယ်က မြို့ပေါ်မှာပဲ စိုးမိုးထားနိုင်တယ်လို့ပြောလို့ရတာပေါ့။ မြို့ပေါ်ဆိုတဲ့ နေရာမှာလည်း ကျနော်တို့က မြို့ထဲထိကို ဉပမာ ချင်းပြည်နယ်မြို့တော်က ဟားခါးပေါ့နော် ဟားခါးမှာလည်းနေစဉ်လိုလို တိုက်ပွဲတွေဖြစ်တာ အဲ့ဒါကတော့ သူတို့ကစိုးမိုးသလား ပြည်သူကသိတာပေါ့နော်။ ပြီးတော့ သူတို့ရဲ့ အုပ်ချုပ်ရေးလုပ်တဲ့ ပုံစံကလည်း ကျနော်တို့လေ့လာရသလောက် သူတို့ရဲ့ဌာနဆိုင်ရာတွေဆိုတာကလည်း သူဟာသူရုံးတက်တယ်။ သူဟာသူ အိမ်ကနေရုံးတက်တာတွေရှိတယ်။ ရုံးကိုမသွားနိုင်ဘူး မသွားရဲဘူးအနေထားတွေရှိတယ်။ သူတို့ဝန်ထမ်းတွေရဲ့ လုံခြုံရေး တောင်မှမယူနိုင်ဘူးပေါ့ အဲ့သလိုအနေထားမှာရှိတယ်။ အဲ့ဒါကြောင့်သူရဲ့ အုပ်ချုပ်ရေး ယန္တရားဆိုတာကလည်း လုံးဝနီးနီး ပျက်သုဉ်းနေလို့ မလည်ပတ်နိုင်ဘူးလို့ပြောလို့ရပါတယ်။

မေး။ ။ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေလုပ်လာတာတွေ့ရတယ်၊ ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါမှာလည်း KIA ကို ဗုံးကြဲပြီးပြီပေါ့လေ။ ခုချင်းတောင်မှာလည်း CNA ဗဟိုဌာနချုပ်အထိ စစ်ကောင်စီရဲ့ ကင်းထောက်လေယာဉ်ပျံဝဲမှုတွေရှိလာတယ် ဆိုတော့ CNF အနေနဲ့ဘယ်လိုကြိုပြင်ဆင်ထားမှုတွေရှိလဲ။

ဖြေ။ ။ ကျနော်တို့ဗဟိုဌာနချုပ်ထိ လေယာဉ်တွေလာတယ်ဆိုတော့ ကျနော်တို့ကတော့ အကောင်းဆုံးတော့ပြင်ဆင်ထားတာပေါ့ သူတို့လာရင်တော့ လာပစ်မှာပဲ ဒါပေမယ့် ကျနော်တို့မှာ ဘယ်လိုအကောင်းဆုံးကာကွယ်ရမလဲဆိုတာ ကြိုပြီးတော့ ပြင်ဆင်ထားတာပေါ့နော် ချင်းတောင်မှာလေယာဉ်လာတယ်ဆိုတာကတော့ အမြဲတမ်းလာတာပဲ တိုက်ပွဲ တိုင်းမှာလာတယ် ကျနော်တို့တွက်ရတာတော့ သူတို့ဘက်ကနေ အပေါ်ကနေ လေယာဉ်လာပြီဆိုရင် သူတို့ဘက်မှာ အသေပြောက်များလို့ အဲလိုလာတာပဲ ကနော်တို့ချင်းတောင် ပထဝီနယ်မြေက လေယာဉ်သုံးခြင်းသုံးရင် အသေပျောက်ကနည်းတာပဲ လေယာဉ်တွေသုံးပြီး တိုင်းရင်းသားလက်နက်ကိုင်တွေ အသေပျောက်များမယ်ဆို တာမဖြစ်နိုင်ဘူး ကျနော်တို့အနေနဲ့လည်း အကောင်းဆုံးပြင်ဆင်ထားပါတယ်။

မေး။ ။ ဗဟိုဌာနချုပ်ထိ ကင်းထောက်လေယာဉ်ပျံသွားတဲ့အပေါ် ဘယ်လိုသုံးသပ်ချက်ရှိမလဲ။

ဖြေ။ ။ ဒီဗဟိုဌာနချုပ်ထိ အဲ့သလိုလာဝိုက်တယ်ဆိုတာ ပြောရရင်တော့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ ဒေသ ကာကွယ်ရေးတပ်တွေကို အမြစ်ဖြတ်ဖြုတ်ချဖို့ အဓိကဦးတည်တာပေါ့နော် ဘာလို့အဲ့သလိုလုပ်တယ်ဆိုရင် သူ့မှာ Plan ရှိတာပေါ့ ၂၀၂၃ ဩဂုတ်မှာ အထွေထွေရွေးကောက်ပွဲလုပ်မယ်၊ နယ်မြေစိုးမိုးရေးပိုင်းကို အောက်ကနေမလုပ်နိုင်ရင် အပေါ်ကနေလုပ်မယ် အဲ့သလိုနဲ့မရရအောင်လုပ်တဲ့ သဘောပါပဲ၊ သူရဲ့ Plan ကိုအောင်မြင်အောင်ဆိုပြီတော့ အကောင်ထ ည်ဖော်ပြီး အောက်လမ်းကနေမရတော့ရင် အထက်လမ်းကနေဖိပြီးလုပ်လာတာလို့ အဲ့သလိုပဲမြင်ပါတယ်။

မေး။ ။ စစ်ကောင်စီက လာမည့် ၂၀၂၃ မှာ ရွေးကောက်ပွဲလုပ်မယ်လို့ပြေားထားတာရှိပါတယ်၊ တကယ်ရော လက်ရှိအခြေနေနင့် လုပ်ဖြစ်နိုင်မဲ့ အခြေနေထားတွေရှိရဲ့လား။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအပေါ် ဘယ်လိုသုံး သပ်ချင်ပါလဲ။

ဖြေ။ ။ သူရွေးကောက်ပွဲလုပ်မယ်ဆိုတာက အဓိကတော့ နိုင်ငံတကာက အသိမှတ်ပြုမှု၊ တရားဝင်မှုရအောင် ပြည်သူကိုအသုံးချတာ။ အမှန်ဆိုရင်တော့ ခုနကျွန်တော်ပြောသလို တစ်ရာမှာ ခုနှစ်ဆယ်ကတော့ ကျွန်တော်တို့က စိုးမိုးထားတာ၊ အဲ့ဒီနေရာကတော့ လုပ်နိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့သူ့အကျင့်ကသိတဲ့အတိုင်းပေါ့ မြို့ပေါ်မှာ မဲဆန္ဒတစ်ခုမှာ မဲထည့်ခိုင်း၊ မြို့ပေါ်မှာ မဲထည့်ခိုင်း၊ အဲ့တာတွေ လျှောက်ပြန်လုပ်မှာပဲ သူက မဲဆယ်ဦးပဲထည့်ထည့် နှစ်ဆယ်ဦးပဲ ထည့်ထည့် သုံးလေးရာထည့်တယ် ရှောက်ပြီးတော့ ပြန်ပြီးတော့လိမ်မှာပဲ။ ချင်းပြည်နယ်မှာတော့ ရွေးကောက်ပွဲကတော့ လုံးဝကောင်းမှာ မဟုတ်ဘူး လုပ်လို့ရမှာ မဟုတ်ဘူး အသိမှတ်ပြုမှာမဟုတ်ဘူး ဒီရွေးကောက်ပွဲကိုလည်း အသိမှတ်မပြုဘူး ဘာဖြစ်လို့လဲဆိုတော့ သူက ၂၀၀၈ ဖွဲ့စည်းပုံအောက်ကနေလုပ်မှာ ငါတို့က ၂၀၀၈ ဖွဲ့စည်းပုံ ရုပ်သိမ်းပြီးသား၊ ဖျက်သိမ်းပြီးသားဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီရွေးကောက်ပွဲကတော့ ချင်းတောင်မှာတော့ အောင်မြင်မှာမဟုတ်ဘူး အဲ့လိုပဲ ကျွန်တော်ပြောချင်ပါတယ်။

မေး။ ။ အခြားဘာများဖြည့်စွပ်ပြောချင်တာရှိပါသလဲ။

ဖြေ။ ။ စစ်ကောင်စီရဲ့အနေအထားကို ကြည့်လိုက်ရင် ဘက်ပေါင်းစုံကနေ ချွတ်ခြုံကျသွားတယ်၊ နိုင်ငံတကာ ထောက်ခံမှု၊ သံတမန်ရေးကိစ္စ၊ စီးပွားရေး သူ့ဘက်ကချွတ်ခြုံကျနေတယ်။ စစ်ကောင်စီကတော့ သူ့မှာရွေးစရာလမ်း မရှိတော့ဘူး။ အဆုံးစွန်ထိသူကသွားဖို့ပြင်ဆင်နေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မိုက်မိုက်ကမ်းကမ်းနဲ့သူကလုပ်မှာပေါ့။ သူလုပ်လေလုပ်လေမြုပ်လေပဲ ဆက်လှုပ်လေနစ်လေဖြစ်သွားမှာပဲ အဲဒါတွေ ပြည်သူအားလုံးကသိဖို့၊ ကျွန် တော်တို့တော်လှန်ရေးလုပ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက တစ်နှစ်ထက် တစ်နှစ် အားသစ်လောင်းပြီးတော့ ဆက်သွားရုံပဲရှိတယ်။ ကျွန်တော်တို့ အရေးတော်ပုံအောင်မြင်သည့်အထိ ကျွန်တော်တို့ ဆက်ပြီး တော့သွားရုံပဲရှိတယ်။

KMG – ပေးပို့သည်။