“NCA နဲ့ တိုင်းပြည်ငြိမ်းချမ်းဖို့ ရှေ့ဆက်ဆောင်ရွက်လို့ကို မရတော့ဘူး။ ဘာကြောင့်လဲဆိုရင် NCA နဲ့ လက်မှတ်ထိုးထားတာ ၁၀ ဖွဲ့ပဲ ရှိတယ်။ NCA ပြင်ပမှာ အများကြီး၊ ဆိုတော့ အခုလက်ရှိဖြစ်ပေါ်လာတဲ့ ၂၀၂၁ သူတို့စစ်တပ်ရဲ့ရွေးချယ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အခု PDF တွေ ရှိနေပြီ၊ NUG ရှိနေပြီ။ ဒါက လုံး၀ပစ်ပယ်ထားလို့မရဘူး” ရဲဘောဆလိုင်းယောအောင် (ဗဟိုဦးဆောင်ကော်မတီဝင် ၊ ABSDF)

0
213

ABSDF ဗဟိုဦးဆောင်ကော်မတီဝင် ရဲဘော်ဆလိုင်းယောအောင်နှင့် အမေးဖြေ

၁၈ နိုဝင်ဘာ ၂၀၂၂

အာဏာသိမ်း စစ်အုပ်စုက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်ရာမှာ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ အပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်သွားမယ့်အကြောင်းနဲ့ တိုင်းရင်းသားတွေအတွက် ဖွဲ့စည်းပုံ ပြင်ဆင်ပေးမယ်လို့ ပြောဆိုလာပါတယ်။

ဒါကြောင့် စစ်အုပ်စုက ဖွဲ့စည်းပုံ ပြင်ဆင်ပေးမယ်လို့ ပြောဆိုမှုအပေါ် ဘယ်လိုမြင်ပါသလဲ။ NCA စာချုပ်ကို ဆက်လက် စွဲကိုင်ဆောင်ရွက်မှုနဲ့ စစ်အုပ်စုရဲ့ ဆောင်ရွက်ချက်တွေအပေါ် ဘယ်လို တုံ့ပြန် လိုက်သလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ဗဟိုဦးဆောင်ကော်မတီဝင် ရဲဘော်ဆလိုင်းယောအောင်နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး – အရင်ဆုံးအနေနဲ့ စစ်အုပ်စုက တိုင်းရင်းသားတွေအတွက် ဖွဲ့စည်းပုံ ပြင်ဆင်ပေးမယ်၊ ပြီးတော့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆက်လက် စွဲကိုင်သွားမယ်လို့ ပြောဆိုမှုအပေါ် ဘယ်လိုမြင်သလဲ။

ဖြေ – ၂၀၀၈ အခြေခံဥပဒေကို သေသေချာချာလေ့လာသုံးသပ်မယ်ဆိုရင် ၂၀၀၈ အခြေခံဥပဒေက စစ်တပ် ကျောထောက်နောက်ခံပြုထားတဲ့ တနည်းအားဖြင့် စစ်ယူနီဖောင်းချွတ်ထားတဲ့သူတွေ ထာ၀စဉ်အာဏာ ရရေးအတွက် ရေးဆွဲထားတဲ့အခြေခံဥပဒေတခုလို့ ပြောချင်တယ်။ အဲ့ဒါဘာကြောင့်လဲဆိုရင် အခု ၂၀၂၁ အာဏာသိမ်းမှုမှာလည်း သေချာကြည့်ကြည့် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို သူတို့လိုချင်သလို လိုရာ စွဲပြီးတော့ လုပ်လို့ရအောင် သူတို့ရေးတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာ အရမ်းထင်ရှားတယ်။ အဲ့ဒါတခု နောက်တခုက လာမဲ့ရွေးကောက်ပွဲပေါ့။ သူတို့ပြောနေတဲ့ ၂၀၂၃ မှာ ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ဟာ ပေါ့။

အဲ့ဟာတွေကိုကြည့်ခြင်းအားဖြင့်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက သူတို့အာဏာရရေး ထာ၀စဉ်အာဏာရရေးအတွက် ရေးဆွဲထားတဲ့ဖွဲ့စည်းပုံဥပဒေတခုဖြစ်တယ်ဆိုတာ ထင်ထင်ရှားရှား ပြသနေတာဖြစ်တယ်။ အဲ့တော့ ကျနော်တို့က ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုမှ လက်ခံလို့မရ ဘူး။ အခု ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေက ကျနော်နားလည်တာ ဖျက်ဆီးပြီးသား ဖြစ်တယ်။ ၂၀၀၈ကို ကျနော်တို့ လုံး၀ကို အမှိုက်ခြင်းထဲကို ပစ်ထည့်ပြီးသား ဖြစ်တယ်။ ၂၀၀၈ကို ကျနော်တို့ ဘာမှ ပြောစရာမရှိတော့ဘူး။ ငြိမ်းချမ်းရေးတည်ဆောက်မယ်ဆိုရင် နှစ်ဦးနှစ်ဖက်ကြားထဲမှာ ဆွေးနွေးမယ်။ ဆွေးနွေးပြီးတဲ့အခါကျမှ ကြားကာလအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွေ ဘယ်လိုလုပ်ကြမလဲ။ နှစ်ဦးနှစ်ဖက်ဆွေးနွေးပြီးတော့မှ ဆောင်ရွက်ရမှာဖြစ်တယ်လို့ ပြောချင်တယ်။

မေး – စစ်ကောင်စီက တိုင်းပြည်ငြိမ်းချမ်းရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA နဲ့ ဆက်လက် ဖြေရှင်းမယ်လို့ ပြောဆိုလာတဲ့အပေါ်မှာ ဘယ်လို မြင်ပါသလဲ။

ဖြေ – ကျနော်ထင်တယ်။ NCA က စစ်တပ်ရဲ့ဆောင်ရွက်မှုကြောင့် ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုကြောင့် NCA က ပျက်သုန်းသွားပြီ။ NCA နဲ့ တိုင်းပြည်ငြိမ်းချမ်းဖို့ ရှေ့ဆက်ဆောင်ရွက်လို့ကို မရတော့ဘူး။ ဘာကြောင့်လဲဆိုရင် NCAနဲ့လက်မှတ်ထိုးထားတာ ၁၀ ဖွဲ့ပဲရှိတယ်။ NCA ပြင်ပမှာ အများကြီး ဆိုတော့ အခုလက်ရှိဖြစ်ပေါ်လာတဲ့ ၂၀၂၁ သူတို့စစ်တပ်ရဲ့ရွေးချယ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အခု PDFတွေရှိနေပြီ၊ NUG ရှိနေပြီ။ ဒါက လုံး၀ပစ်ပယ်ထားလို့ မရဘူး။ ဒါလက်တွေ့ဖြစ်နေတာ။ အဲ့ အခြေအနေတွေကို ကျနော်တို့က မျက်ကွယ်ပြုပြီးတော့ NCAကိုပဲ ရှေ့ပဲဇောင်းပေးနေမယ်ဆိုရင်တော့ ကျနော်တို့တိုင်းပြည်ရဲ့ နိုင်ငံရေးပြသာနာတွေက ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ ကျနော်တော့နားလည် တယ်။ ဒါတချက်ပေါ့။ နောက်တခုက တိုင်းရင်းသားအင်အားစုတွေဆိုရင်လည်း NCAအတွင်းမှာ ရှိတာက ကျနော်တို့ ၁၀ ဖွဲ့ပဲရှိတယ်။ ၁၀ ဖွဲ့ရှိတဲ့အပြင်ကို NCAဆက်သွားတဲ့အထဲမှာပါနေတာဆိုရင် ပြောမယ်ဆိုရင် ၇ဖွဲ့ပဲရှိမယ်။ ကျန်တဲ့အဖွဲ့တွေမပါဘူး။ ထိုနည်းလည်းကောင်းပဲ NCA မထိုးရသေးတဲ့ အဖွဲ့တွေလည်း ရှိနေသေးတယ်ဆိုတော့ NCAကိုအခြေခံပြီးငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ဘယ်လိုမှ တည်ဆောက်လို့မရဘူးလို့ ကျနော်ပြောချင်တယ်။

မေး – ဒီဟာကရော အမှန်တကယ် အလုပ်ဖြစ်နိုင်မလား။ လက်ရှိမှာ စစ်အုပ်စုကတော့ တရား ဥပဒေနဲ့အညီ ဆောင်ရွက်နေတယ်လို့ အမြဲလို ပြောဆိုတာတွေ တွေ့ရပါတယ်။ ဒီအပေါ်မှာ စစ်အုပ်စုရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ABSDF အနေနဲ့ ဘယ်လို တုံ့ပြန်လိုပါသလဲ။

ဖြေ – အခုစစ်တပ်က ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဆောင်ရွက်နေပါတယ်လို့ပြောတယ်။ ကျနော်တော့ ၂၀၀၈ ကို အခြေခံခြင်း အခြေမခံခြင်းတွေ မပြောချင်ပါဘူး။ တရားဉပဒေ အတိုင်းသူ ဆောင်ရွက်တာ တွေလား။ အခုလူသတ်နေတာတွေက တရားဥပဒေနဲ့အညီ လူသတ်နေတာတွေလား။ ကျနော်တို့ ဒီပဲယင်း လက်ယက်ကုန်းမှာဖြစ်ခဲ့တဲ့ကိစ္စ နောက်တခု စစ်ကိုင်းတိုင်းမှာ အစုလိုက်အပြုံလိုက်သတ်ခဲ့တဲ့ ကိစ္စ ဒီကိစ္စတွေက တရားဥပဒေနဲ့ ညီသလား။ တရားဥပဒေအတိုင်းဆောင်ရွက်နေတာလား။ အဲ့ဒါ မေးစရာဖြစ်တယ်။ သူတရားဥပဒေအတိုင်းဆောင်ရွက်နေတယ်ဆိုရင် တိုင်းပြည်ငြိမ်းချမ်းနေမှာပေါ့။ အဲဒါပြည်သူလူထုအားလုံးက သူ့ကိုလက်ခံမှာပေါ့။ အခု သူ့ကိုလက်မခံလို့ပဲတတိုင်းပြည်လုံးက လက်နက်ကိုင်ပြီးတော့ တော်လှန်နေတာဖြစ်တယ်လေနော်။ ဒီတော့ သူကဒီမိုကရေစီကိုထိန်းသိမ်းမှာ မလို့ပြောတယ်ဆိုတော့ သူကဒီမိုကရေစီကို ဆန့်ကျင်တဲ့စစ်တပ်လေ။ ဒီမိုကရေစီကို လိုက်နာတယ်ဆို ရင် ဒီမိုကရေစီနဲ့ စစ်တပ်နဲ့ကဘာမှမဆိုင်ဘူး။ ဒီမိုကရေစီတိုင်းပြည်တွေမှာ ကြည့်ကြည့် စစ်တပ်သည် အစိုးရရယ် ပြည်သူလူထုကရွေးချယ်တဲ့အစိုးရလက်အောက်မှာပဲ ရှိရတယ်။ ဘယ်သူက ဒီမိုကရေစီ နည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ဆန့်ကျင်ပြီးတော့ အာဏာသိမ်းတာဖြစ်တယ်။ ဆိုတော့ ဒါကဘယ်လိုမှ ဒီမိုကရေစီကိုထိန်းသိမ်းတာမဟုတ်ဘူး။ ဒီမိုကရေစီကို ဖျက်ဆီးတာလို့ပဲ ပြော ချင်တယ်။

မေး – နောက်ဆုံး NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တစ်ခုအနေနဲ့ လက်ရှိနိုင်ငံရေး အခြေအနေအပေါ် ဘယ်လိုမှတ်ချက်ပေးလိုပါသလဲ။

ဖြေ – ကျနော်တို့က အပစ်ခတ်ရပ်စဲရေးလုပ်ခဲ့တာ ၂၀၀၈ဖွဲ့စည်းပုံအခြေခံပေါ် အခြေခံပြီး ကျနော်တို့လုပ်ခဲ့ တာ မဟုတ်ဘူး။ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို သဘောတူပြီး ကျနော်တို့ အပစ်ခတ်ရပ်စဲရေးလုပ်ခဲ့ တာ မဟုတ်ဘူး။ ကျနော်တို့က တိုင်းပြည်အတွက်လိုအပ်တဲ့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ တိုင်းပြည် အတွင်းမှာ ဖြစ်နေတဲ့နိုင်ငံရေးပြသာနာတွေကို ဖြေရှင်းဖို့အတွက် ကျနော်တို့ အပစ်ခတ်ရပ်စဲရေး လုပ်ခဲ့တာဖြစ်တယ်။ အဲဒါ ၂၀၀၈ကို အခြေခံပြီးတော့ ကျနော်တို့ တိုင်းပြည်မှာဖြစ်တဲ့ နိုင်ငံရေးပြသာနာကို ဖြေရှင်းလို့မရဘူး။ ကျနော်တို့က ၂၀၀၈ရဲ့အပြင်ဘက်ကနေ နိုင်ငံရေးပြသာနာတွေကို ဖြေရှင်းဖို့ တိုင်းပြည်တခုလုံး ငြိမ်းချမ်းဖို့အတွက်ကို ကျနော်တို့အပစ်ခတ်ရပ်စဲရေးလုပ်ခဲ့တာလို့ ပြောချင်ပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here