ရှမ်း – ကရင်နီ နယ်စပ်တွင် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီ၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တို့အကြား ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် ဒေသခံ ၂ သောင်းကျော်သည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
ရှမ်း – ကရင်နီ ပြည်နယ်စပ်က ဖယ်ခုံနှင့် ပင်လောင်းမြို့နယ်ထဲသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ PNO/PNA ပူးပေါင်းတပ်နှင့် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်တို့အကြား အောက်တိုဘာလ ပထမပတ်မှစတင်၍ ယနေ့အချိန်ထိ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။
ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက် KCSN ညှိနှိုင်းရေးမှူး ခူးကိုရယ်က “ပင်လောင်းနဲ့ ဖယ်ခုံအစပ်က ရွာတွေ တော်တော်များများ ပြေးကြတယ်။ နောက်ပြီးတော့မှ ဖယ်ခုံနဲ့ နီးကပ်တဲ့ ကျေးရွာတွေလည်း တော်တော် ပြေးကြတာရှိတယ်။ ဖယ်ခုံဖက်ကြီးပဲ မဟုတ်ဘူးပေါ့။ ကရင်နီဖက်ကနေ လွိုင်ကော်လည်း ပါတယ်ပေါ့နော်။ တစ်ချို့ကျတော့ အဲဒီမှာ ပြေးသွားကြတဲ့ သူတွေရှိတယ်။ သူတို့သွားခိုတဲ့ရွာက နောက်တခေါက် ထပ်ပြေးရတယ်။ လူဦးရေကတော့ ၂၀၀၀၀ နီးပါးလောက်ပေါ့နော်” ဟု ပြောသည်။
ဖယ်ခုံနှင့် ပင်လောင်းတကြောရှိ ကျေးရွာပေါင်း ၁၀ ရွာခန့်က ပြည်သူများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရပြီး ကျေးရွာပေါင်း ၆ ရွာမှာမူ ရွာလုံးကျွတ် တိမ်းရှောင်ရခြင်းဖြစ်သည်ဟု ခူးကိုရယ်က ပြောဆိုသည်။
အဆိုပါ စစ်ဘေးရှောင်ပြည်သူများသည် လက်ရှိတွင် ပင်လောင်းမြို့ပေါ်၌ သွားရောက်ခိုလှုံနေကြပြီး နောင်တရားမြို့နှင့် ညောင်ရွှေမြို့နယ်ဘက်သို့လည်း စစ်ဘေးရှောင်သူများ ရှိနေသည်။
နောင်တရားမြို့သည် ပအိုဝ်းလူမျိုးများနေထိုင်ပြီး တောင်ကြီးခရိုင်၊ ပင်လောင်းမြို့နယ်ထဲက မြို့နယ်ခွဲအဆင့်ရှိသည့် မြို့တစ်မြို့ဖြစ်သည်။
ထို့အပြင် အောက်တိုဘာလ ၃၁ ရက်နေ့တွင်လည်း ဖယ်ခုံနှင့် ပင်လောင်းနယ်စပ်ရှိ ဗန်းမောက်ကျေးရွာတွင် ထော်လာဂျီဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးနေကြသော ဒေသခံများကို စစ်ကောင်စီက ဒရုန်းအသုံးပြုတိုက်ခိုက်မှုကြောင့် ဒေသခံစစ်ဘေးရှောင်ပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး၊ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဒေသခံတစ်ဦးက “သူတို့ထွက်ပြေးဖို့လုပ်နေတုန်း ဒရုန်းဗုံးက တည့်တည့်ကျလာတာပေါ့နော်။ ကျလာတော့ အဲ့ဒီမှာ အမျိုးသမီး ၃ ဦး၊ ကလေးမလေး ၁ ဦး ပါတယ်ပေါ့နော်။ အသက်ကတော့ ၈ နှစ်လောက်ပဲရှိသေးတယ် ပေါ့နော်။ ဒီဟာကို ကျနော်တို့ကြည့်ပြီး ပြောလို့ရှိရင် စစ်ကောင်စီနဲ့ PNO တွေပေါ့နော်၊ စစ်ဘေးရှောင်တွေကို တိုက်ခိုက်လာနေတာတော့ ရှိတယ် ဒရုန်းအသုံးပြုပြီးတော့ပေါ့” ဟု ပြောသည်။
ရှမ်း – ကရင်နီနယ်စပ်တွင် နိုဝင်ဘာလ ပထမပတ်ထိ နှစ်ဖက်တပ်ကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီသည် ကရင်နီပြည်အား ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် အရေးကြီးသည့်လမ်းပိုင်းများအား ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ခူးကိုရယ်က ဆက်ပြောသည်။
“သူတို့ လက်လွှတ် ဆုံးရှုံးလိုက်ရတဲ့ ကရင်နီပြည်အတွင်းက နေရာတွေကို သူတို့အင်အား ပြန်ဖြည့်ဖို့ဖြစ်တယ်။ စစ်လက်နက်တွေ သူတို့ပြန်ဖြည့်ဖို့ ရှိတယ်ဆိုတော့ လမ်းကြောင်းက ၃ ကြောင်းလောက် ရှိမယ်ပေါ့နော်။ သူတို့ ဝင်လာနိုင်တဲ့ လမ်းကြောင်းက ပင်လောင်းဖက်ရှိမယ် ပြီးရင် ညောင်ရွှေဖက်ရှိမယ်။ လွိုင်ကော်ကို သူတို့ ပြန်ထိန်းချုပ်တာရှိမယ်။ ပြီးတော့ လွိုင်ကော်ကနေ တစ်ဆင့် ကရင်နီတောင်ဖက်ကို သူတို့အင်အား ပြန်ဖြည့်ဖို့ရှိမယ်။ ဒါတွေက အဓိက အကြောင်းအရင်းပေါ့နော်” ဟု ၎င်းက ဆိုသည်။
အောက်တိုဘာလ ပထမပတ်မှစတင်ကာ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်နှင့် ပအိုဝ်း ပြည်သူ့စစ်အဖွဲ့တို့ဘက်က ဒရုန်းအပြင် လေကြောင်းမှ တိုက်ခိုက်မှုများပါလုပ်နေပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုများအပြင် အရပ်သားပြည်သူများပါ ထိခိုက်သေဆုံးမှုများရှိနေသည်ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။
လက်ရှိတွင် ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည့် ပြည်သူများတွက် စားနပ်ရိက္ခာများ၊ စောင်၊ အမိုးအကာများ လိုအပ်နေပြီး ကျေးရွာများထဲ ကျန်ခဲ့သည့် ဒေသခံများကိုလည်း စစ်ကောင်စီက လူသားဒိုင်းကာအဖြစ် အသုံးပြုခံရမှာ၊ တိုက်ပွဲများထဲ ပိတ်မိသွားမှာကို စိုးရိမ်နေကြကြောင်း သိရသည်။
NMG ပေးပို့သည်။