ရှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် စစ်ရေးတင်းမာမှုအခြေအနေနှင့် တိုက်ပွဲများကြောင့် စစ်ဘေးဒဏ် ဆိုးရွားစွာခံစားနေရတဲ့ ဒေသခံပြည်သူအကျိုးကို ငဲ့ညှာထောက်ထားမှု၊ နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် တိုက်ပွဲ ရပ်စဲရေးအတွက် တရုတ်အစိုးရ၏ကြိုးပမ်းမှုကို လေးစားအသိအမှတ်ပြုမှုအနေနှင့် နှစ်ဖက်စစ်ရေးပဋိပက္ခများ အဆုံးသတ်နိုင်ရန် စစ်ကောင်စီတပ်နှင့်တွေ့ဆုံဆွေးနွေးဖို့ အသင့်ရှိနေကြောင်း သဘောထားထုတ်ပြန်ချက်ကို နိုဝင်ဘာလ ၂၅ ရက်နေ့တွင် TNLA က ထုတ်ပြန်ခဲ့ပါသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့တွင် စတင်ခဲ့သည့် မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” အတွင်း TNLA သည် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်၊ နမ္မတူ၊ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့၊ မိုင်းလုံ၊ မိုးမိတ်၊ ကျောက်မဲ၊ နောင်ချို၊ သီပေါမြို့နှင့် မန္တလေးတိုင်း၊ မိုးကုတ်မြို့တွေကို သိမ်းပိုက်ရရှိခဲ့ပြီး လက်ရှိ၌ ရှမ်းပြည်မြောက်ပိုင်း နေရာတချို့တွင်လည်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်သည်။
ယခုလို TNLA က သဘောထားထုတ်ပြန်မှုသည် လေကြောင်းအန္တရာယ်အလူးအလဲခံနေရသည့် ဒေသခံလူထု အခက်အခဲ အကျပ်အတည်း၊ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ဖို့ရန်နှင့် တရုတ်ဖိအား အလွန်ပြင်းထန်တာတို့ကြောင့် စစ်ကောင်စီ နှင့်ဆွေးနွေးရန် ကမ်းလှမ်းလိုက်ခြင်းဖြစ်သည်ဟု PSLF/TNLA ဘက်က သတင်းမီဒီယာများကို ပြောဆိုထား ပါသည်။ အဆိုပါထုတ်ပြန်ချက်အပေါ် PSLF/ TNLA ထိန်းချုပ်မှုအောက်ရှိ ဒေသခံပြည်သူ၊ အရပ်ဖက်လူမှုအဖွဲ့ တို့၏ သဘောထားအမြင်များကို စုစည်းဖော်ပြလိုက်ပါသည်။

တအာင်းအမျိုးသမီးတစ်ဦး (Ta’ang Women Organization)
ထုတ်ပြန်ချက်အပေါ်ပြန်ကြည့်မယ်ဆိုရင် ကျမတို့မမြင်နိုင်တဲ့နောက်ကွယ်က အခြေအနေတွေ အများကြီးရှိမယ်။ အဲဒီအပိုင်းမှာ ကျမတို့ တိတိကျကျပြောနိုင်ဖို့ခက်တယ်။ ဆိုလိုချင်တာက တဖက်မှာလည်း တခြားဖိအားတွေ အရမ်းများလို့ ဒါတွေထုတ်လာတဲ့အနေအထား ဖြစ်ကောင်းဖြစ်နိုင်တယ်။ တွေ့ဆုံဆွေးနွေးဖို့ ထုတ်ပြန်တယ် ဆိုပေမဲ့ တဖက်မှာ မြေပြင်အခြေအနေအရ တိုက်ပွဲဆက်ဖြစ်နေတာတော့ ရှိတယ်။ နောင်ချိုဘက်၊ မိုးကုတ်ဘက် တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်။ ပြီးတော့ လေကြောင်းပစ်ခတ်မှု အခြေအနေကလည်း စာထုတ်ပြန်ပြီးမကြာဘူး၊ တပတ်အတွင်းမှာမှ စစ်တပ်ဘက်ကပြန်ပြီး ကျောက်မဲဘက်ကို လေယာဉ်ဗုံးလာကြဲတယ်။ ဒါတွေကို ကြည့်ခြင်း အားဖြင့် တဖက်ကဆွေးနွေးဖို့ စာထုတ်ပြန်ပေမဲ့ တဖက်က စကစရဲ့တုန့်ပြန်မှုကို ပြန်ကြည့်ရင်တော့ အကျိုး သက်ရောက်မှုနဲ့ ဒီတွေ့ဆုံဆွေးနွေးမှုက ဘယ်လောက်အတိုင်းအတာထိ ထိရောက်မှုရှိမလဲဆိုတာတော့ သုံးသပ်လို့ ရတာကို တွေ့ရတယ်။ လူထုရဲ့အခြေအနေကို ပြန်ကြည့်မယ်ဆိုရင် ပွင့်ပွင့်လင်းလင်းပြောရရင် ဒေသခံလူထုတွေ ကတော့ တိုက်ပွဲဖြစ်တာမျိုးတွေတော့ မလိုလားဘူးပေါ့နော်။ တိုက်ပွဲဆိုတာ ကောင်းတဲ့အရာ မဟုတ်ဘူး။ စစ်ဆင်ရေးတစ်ခုဖြစ်ပြီဆိုတာနဲ့ ထိခိုက်မှုအနည်းနဲ့အများက လူထုပေါ်မှာ သက်ရောက်မှုအများကြီး ရှိတယ်။ ဒါကြောင့်အကောင်းဆုံးကတော့ တိုက်ပွဲရပ်တန့်မှာကိုတော့ လိုလားကြတာပေါ့။
လူငယ်တစ်ဦး (ကွတ်ခိုင်တမန် အဖွဲ့)
TNLA က အခုထုတ်ပြန်လာတဲ့အပေါ် ဒေသခံတွေအနေနဲ့ အများစုက အံ့ဩကြတာပေါ့။ အခုလို တဖက်မှာ သူတို့နယ်မြေတွေ ရပြီဆိုတဲ့သဘောနဲ့ အပစ်အခတ် ရပ်လိုက်ပြီး လုပ်လာရင်တော့ ဒေသခံတွေအတွက်တော့ နေရထိုင်ရခက်သလို နောက်ပိုင်းမှာလည်း ဒေသတိုင်းရင်းသား လက်နက်ကိုင်တွေအချင်းချင်း တိုက်ပွဲတွေ ဖြစ်လာနိုင်မယ့် အနေအထားအထိဖြစ်လာမလား တွေးပူတာတွေရှိတာပေါ့။ အဓိကတော့ စစ်အာဏာရှင်စနစ်ကို ဝိုင်းဝန်းတိုက်ဖျက် နေကြတဲ့အချိန်ဖြစ်တာကြောင့် ဘယ်အဖွဲ့မဆို ကိုယ့်ကြိုးစားအားထုတ်မှုကြောင့် ရရှိတဲ့ ရလဒ်ကိုတော့ ဒေသခံပြည်သူ ဘယ်သူမဆို အသိအမှတ်ပြုကြပါတယ်။ ဒါပေမဲ့ ကိုယ့်နယ်မြေကိုယ့်ပြည်နယ် ဆိုတဲ့အဆင့်ထိက နိုင်ငံရေးအခြေအနေတည်ငြိမ်တဲ့အချိန် အားလုံးကောင်းမွန်စွာဆွေးနွေးပြီး အတည်ပြုပြီးမှ ဒေသခံအားလုံးလည်း လက်ခံနိုင်မယ်လေ။
ဒေသခံအမျိုးသမီးတစ်ဦး (ကွတ်ခိုင်မြို့)
အဆုံးထိမသွားရဲဘူးဆိုရင် အစကတည်းက မစရင်ကောင်းတယ်လို့ပဲ ကျမတို့ဒေသခံတွေက ပြောနေကြတယ်။ ဘာပဲဖြစ်ဖြစ် သူတို့ကျပ်တည်းလာတာတွေရယ်၊ ထိခိုက်တာတွေ များလာတာကြောင့်ပဲလေ။ မြန်မာစကားပုံအရ ရှေ့မတိုးသာ၊ နောက်မဆုတ်သာ ဆိုသလိုပေါ့။ အခက်အခဲကြောင့်လည်း ပါတာပေါ့လေ။ ကျမတို့ဒေသခံတွေက တော့ တခါစထားတာကို အဆုံးထိသွားစေချင်တယ်။ အခုလို တဝက်တပျက် တပျတ်တချော်က မကောင်းဘူးလို့ မြင်တယ်။ မဖြစ်သင့်သေးဘူးလို့ မြင်တယ်။ တနေ့နေ့ တချိန်ချိန်မှာတော့ ဆွေးနွေးရမှာပဲလေ။ သူတို့ကြိုက်သလို လုပ်မယ်ဆိုတာတော့ မရဘူးလေ။ ဖြူသည်ဖြစ်စေ၊ မဲသည်ဖြစ်စေ အဖြေတစ်ခုခုတော့ အမြန်ရချင်ပြီလို့ပဲ ပြောချင်တယ်။ မဟုတ်ရင်တော့ အရမ်းခက်ခဲနေတယ်။ အသက်လုံခြုံရေးအတွက်လည်း အပေါ်ကို မော့မော့ ကြည့်ပြီး နေနေရပါတယ်။
ဒေသခံအမျိုးသားတစ်ဦး (နမ္မတူမြို့)
ခဏအတွင်းမှာ နည်းနည်းတော့အံ့အားသင့်သွားတာပေါ့။ အစကတော့ TNLA အနေနဲ့ အဆုံးထိ စစ်အာဏာရှင်ကို တိုက်ထုတ်မယ်လို့ မျှော်လင့်ထားတာ။ ဒါပေမဲ့ အခုတော့ သူတို့ဒီလိုထုတ်လာတော့ တခုစိတ်ထဲဝင်လာတာက သူတို့လိုချင်တဲ့ နယ်မြေအတိုင်းအဆအထိ သူတို့တိုက်ပြီးပြီဖြစ်လို့ ဒီလောက်နဲ့တင် ရပြီ၊ တော်ပြီလို့ ခံယူပြီး ဒီအာဏာသိမ်းစစ်တပ်နဲ့ ဆွေးနွေးပြီး သူတို့အေးအေးချမ်းချမ်း သီးသန့်နေချင်သွားတာလား။ ဒီအချိန်မှာက မေးခွန်းအများကြီး မေးချင်တယ်။ တွေဝေရှုပ်ထွေးနေတဲ့အချိန်လည်းဖြစ်လို့ မေးစရာမေးခွန်းတွေတော့ တော်တော်များနေတယ်။
KNG ပေးပို့သည်။