ကချင်ပြည်နယ်၊ ချီဖွေခရိုင် ဆော့လော်မြို့ပေါ်၌ ကျန်ရှိနေသည့် စစ်ကောင်စီ မြို့တွင်းတပ် ခလရ ၂၉၈ တပ်ရင်းတစ်ခုလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က အောက်တိုဘာလ ၂ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်လိုက်ပြီဟု သိရသည်။
ဆော့လော်မြို့ပေါ်ရှိ တခုတည်းသော စစ်ကောင်စီ၏ မြို့တွင်းတပ်စခန်းဖြစ်သည့် ခလရ ၂၉၈ တပ်ရင်းကို KIA ပူးပေါင်းတပ်များက စက်တင်ဘာလ ၂၉ ရက်နေ့ကစ၍ တကျော့ပြန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၄ ရက်မြောက်တွင် အပြီးသတ်သိမ်းပိုက်ခြင်းဖြစ်သည်ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောသည်။
KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ “ချီဖွေမြို့တစ်ခုလုံးကို အောက်တိုဘာလ ၁ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်လိုက်သလို ဆော့လော်ကိုက ဒီကနေ့ (အောက်တိုဘာလ ၂ ရက်) မနက်ပိုင်း ၇ နာရီလောက်မှာ သိမ်းလိုက်တာဖြစ်ပါတယ်။ မြေပြင်အခြေအနေကိုတော့ အသေးစိတ်ပြောဖို့ ခက်ခဲနေပါသေးတယ်။ ဒါပေမယ့် အခုသိမ်းလိုက်တဲ့ နှစ်နေရာမှာ စစ်ကောင်စီဘက်ကတော့ ခုခံတိုက်ခိုက်တာတွေ ရှိနေသေးတယ်” ဟု ဆိုသည်။
ဆော့လော်မြို့ကို အောက်တိုဘာလ ၂ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခြင်းဖြစ်ပြီး စက်တင်ဘာ ၂၉ ရက်နေ့ကလည်း ချီဖွေမြို့ရှိ ရဲစခန်းနှင့် စစ်တပ်ကုန်းအပါအဝင် နေရာအားလုံးကို KIA ပူးပေါင်းတပ်က အပြီးသတ် ထိန်းချုပ်ထားပြီးဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူ ပြောသည်။
ဆော့လော်တိုက်ပွဲ၌ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများပြီး လက်နက်ခဲယမ်းအများပြားကိုလည် KIA က သိမ်းဆည်းရရှိခဲ့သည်ဟု KIA ရှေ့တန်းသတင်းအရင်းအမြစ်များက ပြောဆိုပေမယ့် အသေးစိတ်သိရှိရန် ခက်ခဲနေသေးသည်။
ပြီးခဲ့သည့် မေလလောက်က ဆော့လော်ဒေသကို KIA ပူးပေါင်းတပ်များက စခန်းသိမ်းတိုက်ပွဲ စတင်ဖော်ဆောင်ခဲ့တာဖြစ်ပြီး ဧပြီလထဲမှာပင် စစ်တပ်စခန်း ၃ နေရာနီးပါးကို သိမ်းပိုက်ရရှိထားခြင်းဖြစ်သည်။
ဧပြီလ ၁၁ ရက်နေ့က ဆော့လော်မြို့ကို သွားသည့် ၅ မိုင်အကွာ မျောမော် (Myawmaw) ပြည်သူ့စစ်တပ်စခန်းနှင့် ထောက်ပို့တပ်စခန်းဖြစ်သည့် မျှော်ဇန်းကူး (Myaw Zan Ku) နယ်ခြားစောင့်တပ်စခန်းများကို KIA ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သည်။
ဧပြီလ ၁၆ ရက်နေ့အထိ ဆော့လော်မြို့တွင်း တပ်စခန်းတချို့နှင့် နယ်ခြားစောင့်တပ် စုစုပေါင်း ၅ ခုကျော်ကို သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲငြိမ်သက်သွားပြီးနောက် ၆ အကြာတွင် ယခုလို ဆော့လော်မြို့ပေါ်ရှိ တပ်စခန်းကြီး ခလရ ၂၉၈ တပ်ရင်းကို အပြီးသတ် ထပ်မံသိမ်းပိုက်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
KIA ပူးပေါင်းတပ်က သိမ်းပိုက်လိုက်နိုင်သည့် ချီဖွေမြို့နှင့် ဆော့လော်မြို့တို့သည် KIA တပ်မဟာ (၁)၊ တပ်မဟာ (၇) နယ်မြေများဖြစ်ပြီး သတ္တုတူးဖော်ရေးလုပ်ကိုင်သည့် ပန်ဝါဒေသအတွက်ပါ စစ်ရေးအရ အလွန်အရေးပါသည့် စစ်ကောင်စီတပ်စခန်းများဖြစ်ကြောင်း သိရသည်။
လက်ရှိ၌ ဆော့လောက်မြို့နယ်တစ်ခုလုံး စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်နှင့် စစ်ကောင်စီတပ်ကင်းစင်သည့် နယ်မြေတစ်ခုဖြစ်သွားပြီဟု KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။
“ဆော့လော်ကို ၄ ရက် တိုက်တယ်လို့ ပြောလို့ရတယ်။ ဒီကနေ့ မနက်ပိုင်း ၇ နာရီလောက်မှာက အားလုံးသိမ်းပိုက်နိုင်ခဲ့တယ်။ ဆော့လော်ဒေသတစ်ခုလုံးကို သိမ်းပိုက်လိုက်ပြီလို့ ပြောလို့ရပြီ။ စစ်တပ် မရှိတော့ဘူး” ဟု ၎င်းက ဆိုသည်။
ဆော့လော်မြို့နယ်ကို မသိမ်းပိုက်ခင် စက်တင်ဘာလ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် နယ်ခြားစောင့်တပ်နှင့် ဦးဇခုန်တိန့်ယိန်းအဖွဲ့ ဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့က အဓိက ထိန်းချုပ်ထားပြီး KIA ပူးပေါင်းတပ်က ချီဖွေမြို့တစ်ခုလုံးကို ယခုလိုသိမ်းပိုက်ခဲ့ခြင်းလည်း ဖြစ်သည်။
ချီဖွေမြို့နှင့် ဆော့လော်မြို့ နှစ်မြို့လုံးကို တစ်ရက်ခြားအကြာမှာပင် KIA ပူးပေါင်းတပ်က သိမ်းပိုက်လိုက်ပြီးနောက် မြေရှားသတ္တုတူးဖော်သည့် ပန်ဝါဒေသဘက်ကို စစ်ရေးအရ ဦးတည်လာနေသည်ဟုလည်း စစ်ရေးသုံးသပ်သူများက ပြောဆိုကြသည်။
KNG ပေးပို့သည်။