AA က ကျောက်တော်မြို့နယ်မှ ကျေးရွာတချို့တွင် တစ်ပတ်အတွင်း ဗုံးခိုကျင်းအပြီးတူးထားဖို့ပြောဆို

0
546
ပုံစာ- AA က ကျောက်တော်မြို့နယ်မှ ကျေးရွာတချို့တွင် ဗုံးခိုကျင်းတူးထားဖို့ပြော။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ရက္ခိုင့်တပ်တော်(AA)က ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တဆင့် ဒေသခံပြည်သူများကို တစ်ပတ်အတွင်း ဗုံးခိုကျင်းအပြီးအစီး တူးခိုင်းထားသည်ဟု ဒေသခံများက ပြောဆိုသည်။

AA က ဗုံးခိုကျင်းတူးထားရန် အသိပေးခံထားရသည့် ကျေးရွာများမှာ ကျောက်တော်မြို့နယ်အတွင်းရှိ ချောင်းတူ၊ ရွက်မညှိုးတောင်၊ ခမောင်းတော၊ မီးရပ်ပြင်၊ ပန်းဖဲချောင်း၊ ဝါးတောင်၊ ကန်စောက်၊ အုံးပတီး၊ လမ်းပိုက်ခွင်၊ သံပြင် စသည့် ကျေးရွာများဖြစ်ကြောင်း သိရသည်။

ကျောက်တော်မြို့နယ်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများက ကျေးရွာအတွင်းရှိ ဒေသခံပြည်သူများကို တစ်ပတ် အတွင်း ဗုံးခိုကျင်းအပြီးအစီး တူးထားရန် စက်တင်ဘာ ၁၃ ရက်က အသိပေးပြောလာခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ရွာမှာက ဗုံးခိုကျင်းတွေ တူးခိုင်းထားတယ်။ အိမ်တိုင်း အိမ်တိုင်းကို တပ်တော်ရဲ့အုပ်ချုပ်ရေးမှူးက အသိပေး လိုက်ပြောတယ်။ တစ်ပတ်အတွင်း မပြီးဘူးဆိုရင် ဒဏ်ကြေးတွေ ပါတယ်လို့လည်း ပြောပါတယ်။ ဘယ်လို ဒဏ်ကြေးမျိုးလဲတော့ မသိဘူး” ဟု အဆိုပါဒေသခံက ပြောသည်။

ကျောက်တော်မြို့နယ်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများကိုလည်း ရက္ခိုင့်တပ်တော် (AA) က ပြီးခဲ့သည့် ရက်ပိုင်းအတွင်း၌ AA ၏ နယ်မြေရုံးများသို့ ခေါ်ယူပြီး ဗုံးခိုကျင်းတူးထားရန် အသိပေး ပြောကြားခိုင်းခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ကျောက်တော်မြိုမှ အခြားဒေသခံတစ်ဦးက “ဗုံးခိုကျင်းတူးခိုင်းတာကတော့ တိုက်ပွဲတွေ ဖြစ်လာရင် ကျောက်တော် အခြေစိုက် (၅၃၉) တပ်က လက်နက်ကြီးတွေ ပစ်တယ်။ အနီးအနားက ရွာတွေကို လာကျတယ်။ ဒေသခံတွေ ထိခိုက်မှုမရှိအောင် လက်နက်ကြီးတွေ ပစ်တာနဲ့ ရွာထဲက အချက်ပြသံချောင်းခေါက်တာနဲ့ ဗုံးခိုကျင်းထဲ ဝင်နေရမယ်လို့ ပြောပါတယ်” ဟု ပြောသည်။

လက်ရှိတွင် ဗုံးခိုကျင်းတူးထားရန် အသိပေးခံထားရသည့် ကျေးရွာများမှာ မိမိတို့အိမ်အောက်ရှိ လုံခြုံစိတ်ချရသည်ဟုထင်သော နေရာများတွင် ဗုံးခိုကျင်းများကို စတင်တူးနေကြပြီ ဖြစ်သည်ဟုလည်း သိရသည်။

ဒေသခံရွာသားတစ်ဦးက “တူးတဲ့သူတွေက စတူးနေကြပါပြီ။ ဗုံးခိုကျင်း တူးခိုင်းတယ် ဆိုကတည်းက တစ်ခုခုအကြောင်းထူးလို့ တူးခိုင်းတာလေ။ အခြေအနေတွေက ဘယ်လိုတွေ ဖြစ်လာနိုင်မလဲဆိုတာ မပြောနိုင်ဘူး။ ဒါပေမဲ့ ဗုံးခိုကျင်းတူးထားတော့ တစ်နည်းနည်းနဲ့ လုံခြုံစိတ်ချရတာပေါ့” ဟု ပြောသည်။

ကျောက်တော်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ကျောက်တော်အခြေစိုက် (၅၃၉) တပ်၊ ခမရ(၃၇၆)၊ စခက (၉) စသည့် တပ်ရင်းများက ဒေသခံပြည်သူများ ကူးသန်းသွားလာရေးကို ယခင်ကထက် ပို၍ စစ်ဆေး တင်းကြပ်မှုများ ပြုလုပ်လာနေသည်ဟု သိရသည်။

စစ်ကောင်စီက ထိုသို့စစ်ဆေးတင်းကြပ် လာတာကြောင့် ကျောက်တော်မြို့နယ်တွင် နိုင်ငံရေးအခြေအနေမှာ တည်ငြိမ်မှုမရှိဘဲ ဆိုးရွားလာနိုင်ချေရှိသလို တိုက်ပွဲဖြစ်ပွားလာနိုင်ချေ ရှိသည်ဟုလည်း ကျောက်တော်မြို့နယ်မှ နိုင်ငံရေးလေ့လာသူများက သုံးသပ်ပြောဆိုနေကြသည်။

ထိုသို့ ဗုံးခိုကျင်းတူးခိုင်းသည့် ကိစ္စနှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော်၏ ပြောခွင့်ရသူ ဦးခိုင်သုခအား ဆက်သွယ် မေးမြန်းနေစဉ်ဖြစ်သဖြင့် AA ဘက်မှ သဘောထားကို တင်ပြနိုင်ခြင်း မရှိသေးပါ။

ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့သည် နှစ်ဘက်နားလည်မှုဖြင့် ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ နိုဝင်ဘာလ အတွင်း အပစ်အခတ် ရပ်စဲထားကြသည်။

လက်ရှိတွင် စစ်ကောင်စီဘက်က အပစ်ရပ်သဘောတူညီချက်များကို ချိုးဖောက်ကာ ဒေသခံများအား စစ်ဆေးမှု တင်းကြပ်ခြင်း၊ ဒေသတွင်း စားနပ်ရိက္ခာများ သယ်ယူပို့ဆောင်နေမှုများကို တင်းကြပ်စစ်ဆေး၍ ကန့်သတ် ထိန်းချုပ်ခြင်း၊ AA တပ်စခန်းများ တည်ရှိသည့် နေရာများကို ဒရုန်းများဖြင့် ကင်းထောက်စုံစမ်းခြင်း အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာများအတွင်း ဝင်ရောက်ပြီး AA တပ်စခန်းများကို မေးမြန်းခြင်းစသည်တို့ကို လုပ်ဆောင်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here