၂၀၂၄ တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ တိုးလုပ်လာကြောင်း NUG ပြော

0
135
Photo - KARENNI PEOPLE VOICE (ပုံဟောင်းဖြစ်သည်)

စစ်ကောင်စီတပ်သည် လေကြောင်းတိုက်ခိုက်မှုများကို ၂၀၂၄ ခုနှစ်ထဲတွင် တိုး၍ လုပ်ဆောင်လာသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြောသည်။

နှစ်ဆန်းမှ အောက်တိုဘာလအထိ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၂,၆၄၈ ကြိမ် ပြုလုပ်ခဲ့ပြီး ထိုအရေအတွက်သည် ယခင်နှစ်များထက် ပိုများသည်ဟု NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောသည်။

“၂၀၂၀ အတွင်းမှာ လေကြောင်းနဲ့ တိုက်ခိုက်မှု ၄၄၄ ကြိမ် ပဲရှိခဲ့ပြီး ၂၀၂၃ ခုနှစ်မှာတော့ ၁၁၆၀ ထိ ရှိလာခဲ့၊ ပြီးတော့ ဒီနှစ် ၂၀၂၄ ခုနစ် အောက်တိုဘာလကုန် အထိဆိုရင် ၂၆၄၈ ကြိမ် လေကြောင်းကနေ တိုက်ခိုက်တာ ရှိလာနေပါပြီ။ ရာခိုင်နှုန်းအားဖြင့် ပြောမယ်ဆိုရင် ရှင်းရှင်းပြောရရင် ဒီနှစ်တောင်မကုန်သေးဘူး အရင်နှစ်ကထက် ရာခိုင်နှုန်း ၁၃၀ လေကြောင်းတိုက်ခိုက်မှုအကြိမ် ပိုများလာပါတယ်” ဟု ၎င်းက ဆိုသည်။

ထိန်းချုပ်နယ်မြေများ ဆုံးရှုံးလာနေသည့်အတွက် အရပ်သားပြည်သူများကို ဦးတည်ကာ လေကြောင်းမှတဆင့် တိုက်ခိုက်မှုများကို စစ်ကောင်စီက အရှိန်အဟုန်မြင့် လုပ်ဆောင်လာခြင်းဖြစ်သည်ဟု NUG က ဆိုသည်။

ထိုသို့ပြောဆိုမှုကို အမျိုးသားညီညွတ်ရေးအစိုးရ၏ “ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကား ပြောကြားခြင်း” သတင်းထုတ်ပြန်မှုအစီအစဉ်တွင် အမျိုးသားညီညွှတ်ရေးအစိုးရ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အာဏာသိမ်းချိန်မှစတင်၍ လက်ရှိအချိန်ထိ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးခဲ့သည့် အရေအတွက်ကလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုများလာသည်ဟု ဦးကျော်ဇော်က ပြောသည်။

ဦးကျော်ဇော်က “လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၄,၀၀၀ နီးပါး သေကြေဒဏ်ရာရခဲ့ပါတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူလူထုများနေထိုင်သည့် ကျေးရွာများ၊ စစ်ဘေးရှောင်နေရာများ၊ ဘာသာရေး အဆောက်အအုံများနှင့် စာသင်ကျောင်းများကို လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများကို ဆက်တိုက်လုပ်နေသည်ဟု ဆိုသည်။

ထို့ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ စစ်ရာဇဝတ်မှုကျူးလွန်နေသည့် စစ်အုပ်စုထံသို့ ငွေကြေးစီးဆင်းမှု၊ လက်နက်နှင့် လေယာဉ်ဆီ စီးဆင်းမှုများအား ဖြတ်တောက်ပေးမှသာ အရပ်သားပြည်သူများ၏အသက်ကို အကာအကွယ်ပေးနိုင်မည့်အပြင် ဒေသအတွင်းတည်ငြိမ်မှုအတွက်ကိုလည်း အထောက်အကူပြုမည်ဟု NUG က ပြောဆိုသည်။

စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ချင်းပြည်၊ ရခိုင်ပြည်၊ ကချင်ပြည်၊ ကရင်ပြည်၊ ကရင်နီပြည် စသည့် ဒေသများထဲသို့ စစ်ရေးပစ်မှတ် အရပ်သားပစ်မှတ် မခွဲခြားဘဲ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေသည်မှာ စစ်အာဏာသိမ်းစမှ ယနေ့အချိန်အထိဖြစ်သည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here