၂၀၀၈ ဖွဲ့စည်းပုံအောက်က လုပ်ဆောင်ချက်မှန်သမျှ လက်ခံနိုင်စရာအကြောင်းမရှိဟု CNF ပြောဆို

0
111

စစ်ကောင်စီ၏ ၂၀၀၈ ဖွဲ့စည်းပုံအောက်က လုပ်ဆောင်ချက်မှန်သမျှကို လုံးဝငြင်းပယ်၍ ဆန့်ကျင်တိုက်ဖျက်နေပြီး စစ်ကောင်စီနှင့် ဆွေးနွေးစရာအကြောင်းမရှိကြောင်း ချင်းအမျိုးသားတပ်ဦး CNF ၏ လက်ထောက်အထွေထွေ အတွင်းရေးမှူး – ၂ နှင့် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ (KNPP) ၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့ နိုဝင်ဘာလ ၅ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင် ထိုသို့ပြောဆိုခြင်းဖြစ်သည်။

ဆလိုင်းထက်နီက “ယနေ့ နိုင်ငံရေးပြသနာကိုကြည့်ရင် ဘုံသဘောထား ရပ်တည်ချက်ထဲက တစ်ခုကိုတင်ပြလိုပါတယ်။ ယနေ့ နိုင်ငံရေးပြသနာဟာ စစ်အာဏာရှင်ရဲ့ အကျိုးစီးပွားကို အကာအကွယ်ပြုနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံက အရင်းခံဖြစ်ပါတယ်။ အဲဒါကြောင့် ဒီ ၂၀၂၁ ကနေ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျနော်တို့ဟာ ၂၀၀၈ ဖွဲ့စည်းပုံကို ပယ်ဖျက်ထားပြီးလည်း ဖြစ်ပါတယ်။ နိုင်ငံရေးမှာ စစ်တပ် ရပ်တည်ရေးကို ခိုင်မာစေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအောက်ကနေ လှုပ်ရှားဆောင်ရွက်မှု၊ စစ်ကောင်စီကို သက်ဆိုးရှည်စေမယ့် လုပ်ဆောင်မှုမှန်သမျှ ဆန့်ကျင်တိုက်ဖျက်နေတာ အားလုံးအသိဖြစ်ပါတယ်” ဟု ပြောသည်။

လတ်တလောတွင် သတင်းမီဒီယာတချို့၌ ချင်းအမျိုးသားတပ်ဦး CNF သည် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရေးကို အချက် ၅ ချက်နှင့် စဉ်းစားမည်ဟု ရေးသားဖော်ပြမှုနှင့်ပတ်သက်၍ ဆလိုင်းထက်နီက နားလည်မှု လွဲမှားနေခြင်းသာဖြစ်ကြောင်း ဖြေကြားပြောဆိုသည်။

နိုဝင်ဘာလ ၁ ရက်နေ့က CNF ၏ ဒုတိယဥက္ကဌ-၂ ဒေါက်တာရွှေခါရ်က ပြည်သူ့ထံသို့ ပန်ကြားချက် မိန့်ခွန်းပြောကြားပြီးနောက် သတင်းမီဒီယာတချို့တွင် ထိုကဲ့သို့ သဘောသက်ရောက်သည့်ပုံစံဖြင့် သတင်းများ ရေးသားဖော်ပြခဲ့ကြသည်။

NUG အစိုးရ၊ K3C နှင့် တော်လှန်ရေးအင်အားစုများသည် ၂၀၀၈ ဖွဲ့စည်းပုံအောက်က စစ်ကောင်စီ၏ နိုင်ငံရေးဆွေးနွေးပွဲ ကမ်းလှမ်းမှုများကို လက်ခံမည်မဟုတ်ဘဲ တွေ့ဆုံဆွေးနွေးရေးနှင့်ပတ်သက်၍ မိမိတို့၏ ခိုင်မာသည့် ဘုံရပ်တည်ချက်များ အတိုင်းသာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း NUG နှင့် CNF တာဝန်ရှိသူများက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုကြသည်။

ဆလိုင်းထက်နီက “ကျနော်တို့ရဲ့ ဒုတိယဥက္ကဌ -၂ က ဖြေကြားသွားတဲ့ဟာကို သတင်းက ဖော်ပြတဲ့နေရာမှာ မစုံလင်တာလည်း ပါပါတယ်။ ကျနော်တို့ လက်ရှိရပ်တည်နေတာက ဘုံသဘောထားရပ်တည်ချက်အတိုင်း ပြတ်ပြတ်သားသား ရပ်တည်တာဖြစ်ပါတယ်။ ဒီ ၂၀၀၈ ဖွဲ့စည်းပုံအောက်ကနေသွားနေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်မှန်သမျှက ကျနော်တို့က ဘယ်လိုမှ ဆွေးနွေးနိုင်စရာ အကြောင်းမရှိဘူး။ အဲဒါနဲ့ ပြောသွားတာက နိုင်ငံရေးဆွေးနွေးပွဲ ဆိုတာပဲ ဖြစ်ပါတယ်။ နိုင်ငံရေးဆွေးနွေးရမယ် ဆိုတဲ့ဟာ မဟုတ်ပါဘူး” ဟု ပြောသည်။

ဆက်လက်ပြီး “လက်ရှိအချိန်မှာ ကျနော်တို့တဖွဲ့ထဲနဲ့ လုပ်လို့ရတဲ့ဟာမျိုး မဟုတ်ဘူးဆိုတာကို အတိအလင်း ပြောလိုပါတယ်။ အဲဒါကြောင့် သတင်းထဲမှာ ဖော်ပြထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲဆိုတဲ့ဟာနဲ့ နိုင်ငံရေးဆွေးနွေးမယ်ဆိုတဲ့ဟာ မတူပါဘူး။ ကျနော်တို့က ဒီဘုံသဘောထား ရပ်တည်ချက်အတိုင်း ဆက်လက်ရပ်တည်ပြီး စစ်ကောင်စီရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအောက်ကနေ လုပ်ဆောင်မှု မှန်သမျှကတော့ အပြတ်အသတ် ငြင်းပယ်တယ်။ ဆွေးနွေးစရာ အကြောင်းမရှိဘူးလို့ ပြန်ပြီးဖြေချင်ပါတယ်” ဟု ဆလိုင်းထက်နီက ပြောဆိုသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလက စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ဦးတည်ချက် ၆ ချက်၊ ရပ်တည်ချက် ၉ ချက်၊ လုပ်ငန်းစဉ်အဆင့်ဆင့် ၆ ချက်ပါဝင်သည့် ဘုံသဘောထားရပ်တည်ချက်ကို NUG နှင့် CNF၊ KNU၊ KNPP တို့က ပူးပေါင်းထုတ်ပြန်ထားပြီး ဖြစ်သည်။

ထိုဘုံသဘောထား ရပ်တည်ချက်၏ ဦးတည်ချက်တွင် စစ်အာဏာသိမ်းမှုကို ဖယ်ရှားပြီး စစ်တပ်၏ နိုင်ငံရေးမှာ ပါဝင်နေခြင်းကို အဆုံးသတ်ရန်၊ လက်နက်ကိုင်တပ်ဖွဲ့များ အားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏အောက်တွင် အပြည့်အဝထားရန်၊ ၂၀၀၈ ဖွဲ့စည်းပုံကို အပြီးတိုင် ဖျက်သိမ်းရန်၊ ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဌာန်းရန်၊ ထွက်ပေါ်လာသော ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအသစ် တည်ဆောင်ရန်၊ ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေး ဖော်ဆောင်ရန်တို့ ဖြစ်သည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here