ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့နယ်နှင့် လေးမျက်နှာမြို့နယ် ရိုးတောင်အစပ်ကျေးရွာများ အနီးဝန်းကျင်တွင် အာရက္ခတပ်တော် (AA) ဦးဆောင်သည့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား ဖြစ်ပွားနေသောတိုက်ပွဲများ ပိုကျယ်ပြန့်လာပြီး ဧရာ၀တီတိုင်းရှိ ဒေသခံများပါ စစ်ဘေးရှောင်နေကြရသည်ဟု သိရသည်။
ဒေသခံတစ်ဦးက “ တိုက်ပွဲတွေက နေရာအများအပြားမှာ ဆက်တိုက်ဖြစ်လာတယ်။ မနေ့က မတ်လ ၁၉ ရက်နေ့ကလည်း အမြောက်တပ် ၃၄၄ အနီးက ကျားကိုက်ရွာနဲ့ ၂ မိုင်အကွာ တုံးတောကျေးရွာနဲ့ ပန်းတောကြီးကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်” ဟု ပြောသည်။
မတ်လ ၁၉ ရက်နေ့ ညနေပိုင်းတွင်လည်း လေးမျက်နှာမြို့နယ်၊ ကွင်းကြီးကျေးရွာအုပ်စု၊ အောင်ဇံကွင်းကျေးရွာနှင့် ကညင်တိုင်းကျေးရွာအနီး ကျားအောင်းတောင်ပေါ်တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု အဆိုပါဒေသခံက ဆက်ပြောသည်။
လက်ရှိတွင် အောင်ဇံကွင်း၊ ကွင်းကြီး၊ စက်စက်ယို၊ လဲခုံလေး၊ လဲခုံကြီးနှင့် ချင်းလယ်ရွာများ ရွာသားများ သည်လည်း တိုက်ပွဲများကြောင့် ထွက်ပြေးနေကြရသည်ဟု သိရသည်။
ငဝန်မြစ်နားကျေးရွာတစ်ခုမှ ဒေသခံတစ်ဦးက “ချင်းလယ်ရွာနဲ့ စက်စက်ယိုရွာက စစ်ရှောင်တွေ ကျနော်နေတဲ့ရွာမှာ ရောက်နေတယ်။ ချင်းလယ်ရွာထဲမှာ စစ်ကောင်စီက စစ်ကြောင်းထိုးလာပြီး တပ်စွဲထားတယ် သိရပါတယ်။ လက်နက်ကြီးလည်း တပ်ဆင်ထားတယ်လို့ သိရပါတယ်” ဟု ပြောဆိုသည်။
စစ်ကောင်စီတပ်သည် စက်တပ်လေထီးများနှင့် ကျေးရွာများအနီးဝန်းကျင်ကို ဗုံးကြဲတိုက်ခိုက်မှုများ ရှိနေသဖြင့် ကျေးရွာသားများ ထွက်ပြေးနေကြရသည်ဟု ဆိုသည်။
“မနေ့ညတုန်းက မှောင်နေတဲ့အချိန် ၇ နာရီ ၃၅ မိနစ်လောက်မှ စက်တပ်လေထီးနဲ့ ဗုံးသုံးလုံး လာချပါတယ်။ လဲခုံလေးနဲ့ လဲခုံကြီးအကြား ကျတယ်လို့တော့ ရွာသားတွေက ခန့်မှန်းထားကြပါတယ်။ ရွာတွေက လူတွေတော်တော်များက ထွက်ပြေးကုန်ပြီ” ဟု အဆိုပါဒေသခံက ပြောသည်။
အဆိုပါဒေသတွင် ခိုလှုံနေကြသည့် ရခိုင်ပြည်၊ ဂွမြို့နယ်မှ စစ်ဘေးရှောင်များမှာ ပို၍ ဒုက္ခရောက်နေကြကြောင်း ၎င်းက ဆက်ပြောသည်။
“လေးမျက်နှာမြို့နယ်၊ ကွင်းကြီးကျေးရွာအုပ်စု၊ အောင်ဇံကွင်းကျေးရွာနဲ့ လဲခုံကြီးကျေးရွာတွေကို ရောက်ရှိ နေကြတဲ့ ရခိုင်စစ်ရှောင်တွေ အခက်ကြုံနေကြရပါတယ်။ သူတို့ခိုလှုံနေကြတဲ့ ဒေသတွင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်လာနေတဲ့အတွက် သူတို့က ဒေသခံမဟုတ်တော့ အခက်အခဲ ဖြစ်နေကြရတယ်။ ဒေသခံတွေက ဆွေမျိုး သားချင်းတွေ ရှိရာနေရာတွေကို အိုးအိမ်စွန့်ခွာထွက်ပြေးနေကြသလို ရခိုင်စစ်ရှောင်တွေကဒေသခံမဟုတ်တဲ့အတွက် ထွက်ခွာရှောင်တိမ်းဖို့ အခက်ကြုံနေကြရတယ်လို့ သိရှိရပါတယ်” ဟု ပြောသည်။
ရခိုင်စစ်ဘေးရှောင်များမှာ မိမိဒေသ ရခိုင်သို့ ပြန်လျှင်လည်း စစ်ကောင်စီထံ အဖမ်းခံရပြီး လက်ရှိ ခိုလှုံနေထိုင်ကြသည့် ကျေးရွာများအနီးတွင်လည်း တိုက်ပွဲများ ထပ်မံဖြစ်ပွားလာ၍ ထွက်ပြေးတိမ်းရှောင်ရန် ခက်ခဲနေကြသည်ဟု သိရသည်။
စစ်ကောင်စီသည် ငသိုင်းချောင်း – ဂွ လမ်းပေါ်ရှိ အမှတ် (၃၄၄) အမြောက်တပ်ရင်းတွင်လည်း စစ်ကူများ ရာနှင့်ချီပြီး ဖြည့်တင်းထားပြီး စစ်ကောင်စီတပ်သားအများစုမှာ စစ်မှုထမ်းပြည်သူ့စစ်သင်တန်းဆင်းများဖြစ်ကြသည်ဟု သိရှိရသည်။
နိရဉ္စရာ ပေးပို့သည်။