ဧရာဝတီတိုင်းအတွင်း ဖမ်းမိထားသော ရိုဟင်ဂျာ ၃၀၀ ကျော်ကို ထောင်ဒဏ် အမိန့်များချမှတ်

0
315
ပုံစာ - ဖမ်းဆီးခံထားရသည့် မွတ်ဆလင် (ရိုဟင်ဂျာ)များ (ပုံဟောင်းဖြစ်သည်)

ဧရာဝတီတိုင်းအတွင်း ဝင်ရောက်လာသည့် ရိုဟင်ဂျာ အမျိုးသမီးများနှင့် ကလေးများအပါအဝင် ၆ လအတွင်း ဖမ်းဆီးမိထားသူများအနက် ၃၀၀ ကျော်ကို စစ်ကောင်စီက ထောင်ဒဏ်အသီးသီး ချလိုက်ပြီဟု ဧရာဝတီ မြန်မာ-မွတ်ဆလင်ကွန်ရက် တာဝန်ရှိသူများက ပြောသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလ မှ ဇွန်လ ၃၀ ရက်နေ့ အထိ ဧရာဝတီတိုင်းအတွင်းကို နယ်မြေဖြတ်ကျော် ဝင်ရောက်လာသဖြင့် ဖမ်းဆီးထားသည့် ရိုဟင်ဂျာ အမျိုးသမီး၊ အမျိုးသား ၄၅၇ ဦးအနက် ၃၂၅ ဦးကို စစ်ကောင်စီ၏ သက်ဆိုင်ရာတရားရုံးများက လဝက မှတ်ပုံတင် ဉပဒေ ပုဒ်မ ၆ (၃) ဖြင့် အမိန့်ချလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

“အရင် ဒီချုပ်အစိုးရလက်ထက်က စစ်ဆေးပြီး နေရပ်ပြန်ပို့တယ်။ အခု အာဏာသိမ်းစစ်ကောင်စီက ထောင်ချတယ်။ အဖမ်းခံရတဲ့သူတွေဆီက သိမ်းယူတဲ့ဖုန်းတို့ ငွေတို့ကို သက်ဆိုင်ရာကို မအပ်တာလည်းရှိတယ်” ဟု ဒေသခံ မြန်မာ-မွတ်ဆလင် လူငယ်တစ်ဦးက ပြောသည်။

ဧရာဝတီတိုင်းသည် ရခိုင်ပြည်နယ်နှင့် ရေလမ်း၊ ကုန်းလမ်း နယ်နမိတ် ထိစပ်နေပြီး ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာများသည် ပုသိမ်၊ ချောင်းသာ၊ ရွှေသောင်ယံ၊ ငရုတ်ကောင်း၊ ဟိုင်းကြီး၊ ငပုတော၊ ဘိုကလေး၊ မြောင်းမြ၊ ဝါးခယ်မ၊ ရေကြည်၊ ကြံခင်း၊ သာပေါင်း စသည့် မြို့နယ်တို့ကို မကြာခဏ နယ်မြေဖြတ်ကျော် လာကြသည်ဟု နယ်ခံ လဝကဦးစီးဌာန ဝန်ထမ်းတစ်ဦးက ပြောသည်။

ထို ရိုဟင်ဂျာများသည် လဝက မှတ်ပုံတင် ဉပဒေ ပုဒ်မ ၆ (၃) ဖြင့် တရားစွဲဆိုခံခဲ့ရပြီး တချို့ကို ထောင်ဒဏ် ၂ နှစ်စီနှင့် တချို့ကို ထောင်ဒဏ် ၅ နှစ်စီ ချကာ ဧရာဝတီတိုင်းအတွင်း သက်ဆိုင်ရာ အကျဉ်းထောင်အသီးသီးတွင် ထားရှိကြောင်း သိရသည်။

ထို့အပြင် အသက် ၁၈ နှစ် မပြည့်သေးသူများကို လူငယ်ပြုပြင် ထိန်းသိမ်းရေးသင်တန်းကျောင်းကို ပို့ထားသည်ဟု ဧရာဝတီ မြန်မာ-မွတ်ဆလင်ကွန်ရက် တာဝန်ရှိသူများက ပြောဆိုကြသည်။

ဧရာဝတီတိုင်းထဲကို ဝင်ရောက်လာ၍ ဖမ်းဆီးထောင်ချခံရသည့် ရိုဟင်ဂျာများမှာ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်းတော၊ စစ်တွေ၊ ကျီးကန်းပြင် စသည့် ဒေသများ အတွင်းရှိ ကျေးလက်ဒေသများ၌ နေထိုင်သူများနှင့် ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းများမှ ထွက်ခွာလာသူများဖြစ်သည်ဟု တရားရုံးနှင့် နီးစပ်သူများက ပြောဆိုသည်။

ဖမ်းဆီးခံရသူများထဲ ရိုဟင်ဂျာ တချို့မှာ တဖက်နိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်ကဖြစ်ပြီး မလေးရှားနိုင်ငံတွင် အလုပ်လုပ်ရန် အလုပ်ပွဲစားများက ရေလမ်းမှ ပို့ဆောင်ပေးစဉ် မြန်မာ့ပင်လယ်ပြင် ကမ်းရိုးတန်း အနီးဝန်းကျင်၌ စစ်ကောင်စီရေတပ်က ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

ဧရာဝတီ မြန်မာ-မွတ်ဆလင်ကွန်ရက် အဖွဲ့ဝင်တစ်ဦးက “သူတို့တွေ (ရိုဟင်ဂျာ) က ရခိုင်ပြည်နယ်က မြန်မာနိုင်ငံသားတွေ အများစုပါ။ စားဝတ်နေရေးအတွက် အလုပ်လုပ်ဖို့ မွေးရပ်မြေကို စွန့်ခွါလာသူတွေပါ။ အဲ့ဒါ ဖမ်းခံရပြီး ထောင်ချခံရတယ်။ နိုင်ငံသားအခွင့်အရေး လူအခွင့်အရေးတွေ ဆုံးရှုံးနေသူတွေပါ။ လူကုန်ကူးခံနေရတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က ဧရာဝတီတိုင်းအတွင်းကို နယ်မြေဖြတ်ကျော် ဝင်ရောက်လာသည့် ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီး၊ ကလေး စုစုပေါင်း အယောက် ၇၀၀ ဝန်းကျင်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး လဝက ဥပဒေပုဒ်မနှင့် တရားစွဲ၍ ထောင်ဒဏ်များ ချမှတ်ခဲ့သည်ဟု တိုင်းတရားရေးဦးစီးဌာန အသိုင်းအဝိုင်းနှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here