ဧရာဝတီတိုင်းအတွင်း ဆန်စပါးသိုလှောင်ထားသူများထံမှ အကြောင်းအမျိုးမျိုးပြ၍ ဆန်စပါးများ စစ်ကောင်စီ သိမ်းယူ

0
296

ပုသိမ်မြို့ရှိ အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) မှ စစ်ကောင်စီတပ်သားများက ဧရာဝတီတိုင်းအတွင်း မြို့နယ်တချို့ရှိ ဆန်စပါး သိုလှောင်ထားသူများထံမှ ဆန်စပါးများကို အကြောင်း အမျိုးမျိုးပြ သိမ်းယူနေသည်ဟု ဒေသခံများက ပြောသည်။

မြောင်းမြ၊ ဝါးခယ်မ၊ ဘိုကလေးမြို့နယ် အတွင်းရှိ ဆန်စပါးကုန်သည်များနှင့် ဆန်စက် ပိုင်ရှင်များထံမှ ကြိတ်ခွဲပြီး ဆန်များသာမက မကြိတ်ခွဲရသေးသော စပါးများကိုပါ သိမ်းယူခြင်းဖြစ်သည်ဟု ဒေသတွင်းရှိ ဆန်စပါး ရောင်းဝယ်သူများက ပြောသည်။

“PDF ကို ထောက်ပံ့တယ်ဆိုပြီး ဆန်စက်ကို ချိပ်ပိတ်ပြီး ဆန်နဲ့စပါးတွေ သိမ်းယူတာရှိသလို သတ်မှတ်တာထက် ပိုလှောင်ထားတယ်ဆိုပြီး သိမ်းတယ်။ တပ်ရိက္ခာအတွက် သိမ်းတယ်ဆိုပြီး သိမ်းတာက အကြောင်းအမျိုးမျိုးပြ သိမ်းနေတာ” ဟု ဆန်စပါးကုန်သည်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့က PDF များအား ထောက်ပံ့သည်ဟု စွပ်စွဲပြီး ချိပ်ပိတ်ခံထားရသော ဘိုကလေးမြို့ရှိ ဆန်စက်က ဆန်နှင့် စပါးတင်း နှစ်သောင်းကျော်ကို စစ်ကောင်စီတပ်မှ စစ်သားများက သိမ်းသွားသည်ဟု ယင်းဆန်စက်နှင့် နီးစပ်သူများက ပြောသည်။

ထို့အပြင် ဇွန်လ ၃၀ ရက်နေ့က ဝါးခယ်မမြို့နယ်နှင့် မြောင်းမြမြို့နယ် အတွင်းရှိ ဆန်စက်အလုံး ၃၀ ခန့်က ဆန် နှင့် စပါးများကိုလည်း သတ်မှတ်ခွင့်ပြုချက်ထက် ပိုသိုလှောင်ထားသည်ဟုဆိုကာ တပ်ရိက္ခာအတွက် သိမ်းသည် ဆိုပြီး စစ်ကား အစီး ၅၀ ခန့်ဖြင့် တင်ယူသွားသည်ဟု ဆန်ရောင်းဝယ်ကြသူများက ပြောဆိုသည်။

ဝါးခယ်မမြို့ခံ မျက်မြင်တွေ့ရှိသူတစ်ဦးက “ဆန်သယ်တဲ့ စစ်ကားတွေမှာ နတခတပ်တံဆိပ် ရေလှိုင်းပုံနဲ့ ထောက်ပို့တပ်တံဆိပ် တပ်ထားတဲ့ ကားတွေလည်း ပါတယ်။ တခြားတပ်တံဆိပ်နဲ့ ကားတွေလည်း ပါတယ်” ဟု ပြောသည်။

တိုင်းစစ်ကောင်စီ ရုံးစိုက်သော ပုသိမ်မြို့နယ်အတွင်း ဆန်စပါး သိမ်းယူခံရမှုများ မရှိသေးသော်လည်း နယ်မြို့တချို့က ဆန်စက်များနှင့် ဆန်ကုန်သည်များထံမှ သတ်မှတ်ချက်ထက် ပိုသိုလှောင်သဖြင့် စစ်ကောင်စီက ၅ ရက်အတွင်း သိမ်းယူသော ဆန်နှင့် စပါး တန်ချိန် ၃သိန်းကျော်ခန့် ရှိမည်ဟု ဧရာဝတီတိုင်း ဆန်ကုန်သည်ကြီးများ အသင်းနှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။

စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြီးခဲ့သည့် မေလ ၉ ရက်နေ့က ဆန်အိတ် ရေ ၁၀၀၀ (တန်ချိန် ၅၀)နှင့် စပါးတင်း အရေအတွက် ၅၀၀၀ နှင့် အထက် သိုလှောင်သူများ အနေဖြင့် မှတ်ပုံ တင်ရမည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here