ဧရာဝတီတိုင်းတွင် စက်သုံးဆီပြတ်လပ် ပုသိမ်ရှိဆီဆိုင် ၃ ခုတွင်သာ အကန့်အသတ်ဖြင့်ဝယ်နိုင်

0
362
ပုံစာ - ဒီဇင်ဘာ ၈ ရက်နေ့ နံနက်ပိုင်းက ပုသိမ်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်ကြီးတဆိုင်ရှေ့မြင်ကွင်း။

ဧရာဝတီတိုင်းအတွင်း မြို့နယ်အများစုတွင် စက်သုံးဆီရောင်းချသော ဆီပန့်ဆိုင်ကြီး၊ ဆိုင်ငယ်များ၌ ဓါတ်ဆီနှင့် ဒီဇယ်ဆီ ပြတ်လပ်နေသဖြင့် ဝယ်ယူရရှိရန် ခက်ခဲလာသည်ဟု ဒေသခံများက ပြောသည်။

စက်သုံးဆီရောင်းချသော ပန့်ဆိုင်ကြီးများတွင် စက်သုံးဆီဘောက်ဆာ (BOXER) ကား ရောက်လာချိန် နာရီပိုင်း အကန့်အသတ်နှင့်သာ ဝယ်ယူရရှိနိုင်ပြီး လမ်းဘေး၌ တနိုင်တပိုင်ရောင်းချသည့် ပုလင်းဆိုင်များနှင့် ပန့်ဆိုင်ငယ် များကလည်း ဆိုင်ဖွင့်ရောင်းချမှု နည်းပါးလာခြင်းကြောင့် ဝယ်ယူသုံးစွဲရန် ခက်ခဲလာခြင်း ဖြစ်သည်ဟု ဆိုသည်။

ပုသိမ်မြို့တွင် စက်သုံးဆီ အရောင်းဆိုင်ကြီး ၁၇ ဆိုင်ရှိသည့်အနက် ဆိုင်ကြီး ၃ ဆိုင်၌သာ အကန့်အသတ်ဖြင့် ဝယ်ယူရရှိပြီး ကျန်ဆိုင်ကြီး ၁၄ ဆိုင်၌ စက်သုံးဆီ ပြတ်နေသဖြင့် ဒီဇင်ဘာလ ၇ ရက်နေ့မှ စတင်၍ ဝယ်ယူမရရှိတော့ဘူးဟု ဒေသခံများက ပြောသည်။

ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူ ဦးကျော်ကြီးက “ပန့်ဆိုင်ကြီးတိုင်းမှာ ဓါတ်ဆီနဲ့ ဒီဇယ် လိုသလောက် ဝယ်လို့မရဘူး။ အကန့်အသတ်နဲ့ ရောင်းပေးတော့ လုပ်ငန်းလုပ်ဖို့ မလောက်ငှဘူး ဖြစ်ကြရတယ်” ဟု ပြောသည်။

စက်သုံးဆီဝယ်ယူရာတွင် နိုင်တီတူး (92) ဓါတ်ဆီအား ဆိုင်ကယ်တစီးကို တစ်ကြိမ် ဒဿမ ၈၆ လီတာ၊ ၂၀၀၀ ကျပ်ဖိုး၊ အိုးဝေနှင့် သုံးဘီးဆိုင်ကယ် (တုတ် တုတ်) တစ်စီးကို တစ်ကြိမ်လျှင် ၄၀၀၀ ကျပ်ဖိုး၊ ဒီဇယ်ဆီသုံး အိမ်စီးကားနှင့် ဒိန်းဒေါင်းကားတစ်စီး တစ်ကြိမ်လျှင် ကျပ် ၂၀၀၀၀ ဖိုးအား ဦးရာလူ တန်းစီစနစ်ဖြင့် ဝယ်ယူကြ ရသည်ဟု စက်သုံးဆီဝယ်ယူများက ပြောသည်။

ပုသိမ်မြို့တွင် သာမက ဖျာပုံ၊ မအူပင်၊ မြောင်းမြ၊ ပန်းတနော်၊ ဒေးဒရဲ၊ လပွတ္တာ၊ ကျောင်းကုန်း၊ မော်လမြိုင်ကျွန်း ညောင်တုန်း စသည့် မြို့နယ်တော်တော်များများ၌လည်း စက်သုံးဆီ ဝယ်လိုအားနှင့် ရောင်းလိုအား မျှတမှုမရှိဘဲ စက်သုံးဆီပြတ်လပ်ကာ ဝယ်ယူရန် ခက်ခဲနေကြသည်ဟု ဒေသခံများက ပြောသည်။

ဧရာဝတီတိုင်းက စက်သုံးဆီ ရောင်းဝယ်သည့် လုပ်ငန်းရှင်များအတွက် ရရှိ‌‌သော စစ်ကောင်စီ၏ သီလဝါခွဲတန်း နည်းပါးခြင်းကြောင့်လည်း ဒေသအတွင်း လုံလောက်မှု မရှိဖြစ်ကာ အကန့်အသတ်ဖြင့်သာ မျှဝေပြီး ရောင်းချနေရသည်ဟု ဧရာဝတီတိုင်း စက်သုံးဆီ လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

လမ်းဘေး တနိုင်တပိုင်ရောင်းချသော ပုလင်းဆိုင်များ၊ ပန့်ဆိုင်ငယ်များအား ရောင်းချခွင့်လိုင်စင် မရှိသည်ကို စစ်ကောင်စီက အကြောင်းပြ၍ ရောင်းချခွင့် ပိတ်ထားသည့်အပြင် ရောင်းချပါက ပစ္စည်းသိမ်းပြီး ကျပ်သိန်း ၅၀ ဒဏ်တပ်မည်ဟု ဖိအား‌ပေးခြိမ်းခြောက်ထားခြင်း ခံနေကြရသည်။

ပုသိမ်-ငပုတော လမ်းမကြီးဘေး၌ ရေသန့်ဗူး၊ ပုလင်းတို့ဖြင့် ဓါတ်ဆီရောင်းသူတစ်ဦးက “လမ်းဘေးမှာ မရောင်းရဘူး၊ ဖမ်းတယ် ဆီးတယ်ဆိုတော့ ခိုးကြောင်ခိုးဝှက် ရောင်းကြရတယ်။ ဆိုင်ခင်းပြီး မရောင်းရဲဘူး၊ ကျီးလန့်စာစား လုပ်စားနေရတယ်။ ပန့်အသေးလေးနဲ့ ရောင်းတဲ့ အိမ်ဆိုင်တွေဆို ပန့်ပုံးကို ထုတ်မခင်းရဲ တော့ဘူး။ အိမ်လာဝယ်တဲ့ သူတွေကိုပဲ ရေသန့်ဗူးတွေထဲ ထည့်ပြီးရောင်း နေကြရတယ်” ဟု ပြောသည်။

ဓါတ်ဆီ၊ ဒီဇယ်ဆီ စက်သုံးဆီကို အလွယ်တကူ လိုအပ်သလောက် ရောင်းဝယ်၍ မရခြင်း၊ စက်သုံးဆီဈေးနှုန်း မြင့်တက်လာခြင်းတို့ကြောင့် အိမ်တွင်း စက်မှုလက်မှု လုပ်ငန်းလုပ်သူများ ယာဉ်ဖြင့် ခရီးသွားလာရေးလုပ်ငန်း လုပ်သည့်သူများလည်း အခက်ကြုံနေရသည်ဟု ဒေသခံများက ဆိုကြသည်။

ရေလမ်းခရီး အများဆုံး အသုံးပြုသော ဧရာဝတီတိုင်းအတွင်း၌ မြို့ပြနှင့် ကျေးလက် ဒေသတို့ကို ပြေးဆွဲကြ‌‌သော ပုဂ္ဂလိက စက်လှေနှင့် ရေယာဉ်လိုင်းတချို့လည်း စက်သုံးဆီ ပြတ်လပ်မှုကြောင့် အခေါက်ရေ လျော့ပြေးဆွဲ ကြရသည်ဟု ရေယာဉ်ပိုင်ရှင်အချို့က‌ ပြောသည်။

ဧရာဝတီတိုင်း၏ မြို့တိုင်းတွင် ဓာတ်ဆီ၊ ဒီဇယ်ဆီ စက်သုံးဆီရောင်းသော ပန့်ဆိုင်ကြီးများနှင့် လမ်းဘေးတွင် ပုလင်းဖြင့် ရောင်း‌သောဆိုင်များ ရှိနေပြီး ပုသိမ်မြို့တစ်မြို့ထဲ၌ပင် ဆီပန့်ဆိုင်ကြီး ၁၇ ဆိုင်နှင့် လမ်းဘေးတွင် ပုလင်း၊ ရေသန်းဗူးတို့ဖြင့် ရောင်းသည့် ဆိုင် ၁၅၀ ဝန်းကျင် ရှိနေသည်။ အလားတူ ပန့်ပုံးအသေးဖြင့် ရောင်း‌သောဆိုင်လည်း ၄၀ ကျော်ရှိသည်ဟု စက်သုံးဆီရောင်းချသူများ၏ ပြောပြချက်အရ သိရသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here