29 ဇွန် 2025 /

See today's Peace Related News

Homeသတင်းအိန္ဒိယ-မြန်မာနယ်စပ်၊ တမူးခရိုင်တွင် ၄ နှစ်အတွင်း စစ်ကောင်စီကြောင့် အရပ်သားသေဆုံးမှု ၁၅၀ နီးပါးရှိဟုဆို

အိန္ဒိယ-မြန်မာနယ်စပ်၊ တမူးခရိုင်တွင် ၄ နှစ်အတွင်း စစ်ကောင်စီကြောင့် အရပ်သားသေဆုံးမှု ၁၅၀ နီးပါးရှိဟုဆို

အိန္ဒိယ- မြန်မာနယ်စပ် တမူးခရိုင်အတွင်း စစ်အာဏာသိမ်းမှု ၄ နှစ်တာကာလတွင် အရပ်သားသတ်ဖြတ်ခံရမှု ၁၄၉ ဦးရှိပြီး ၎င်းတို့အတွက် တရားမျှတမှုကင်းမဲ့နေသည်ဟု Kuki Women Human Right Organization က ပြောသည်။

Kuki Women Human Right Organization အဖွဲ့သည် အိန္ဒိယ – မြန်မာနယ်စပ် ကူကီးဒေသက အခြေအနေများ နှင့်ပတ်သက်၍ မေလ ၂ ရက်နေ့က ထုတ်ပြန်သော ၄ လ တကြိမ် အစီရင်ခံစာတွင် ထိုသို့ဖော်ပြထားခြင်းဖြစ်သည်။

အရပ်သားပြည်သူများအား သတ်ဖြတ်မှုကို အများဆုံးကျူးလွန်သူများမှာ စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့ဖြစ်ကြောင်း ကူကီး အမျိုးသမီးလူ့အခွင့်အရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ယခုလိုပြောဆိုသည်။

“ဘယ်သူ့ ဘယ်သူ့ဆီကမှ ထိခိုက်ခံစားနေရတဲ့လူတွေအတွက် တရားမျှတမှုဆိုတာ ခုချိန်ထိ ကြားတောင် မကြားဖူးတဲ့ စကားဖြစ်နေတယ်။ တရားမျှတမှုကတော့ မရှိနေဘူးပေါ့နော်။ ကျမတို့က လက်နက်ကိုင်လို့ပဲ သုံးနှုန်းထားသလိုပဲပေါ့နော်။ အများစုကတော့ စကစနဲ့ သူ့အပေါင်းအပါတွေ ပျူစောထီးတွေရဲ့ ကျူးလွန်မှုတွေက ပိုများတယ်။ ကျန်တဲ့ဟာက တချို့ဟာလေးတွေတော့ရှိတယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် ဧပြီလအထိ ကူကီးဒေသတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု၊ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတပ်ဖွဲ့များ၏ သတ်ဖြတ်မှုနှင့် မြေမြှုပ်မိုင်းများကြောင့် အသက်မပြည့်သေးသော ကလေး ၁၄ ဦး၊ အမျိုးသမီး ၃၆ ဦး၊ အမျိုးသား ၆၉ ဦး သေဆုံးခဲ့ရပြီး အလောင်းအတည်မပြုနိုင်သော လူ ၃၀ ဦးရှိခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့အပြင် တမူးခရိုင်အတွင်း ကျေးရွာပေါင်း ၁၆ ရွာမှ အိမ်ခြေပေါင်း ၂၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံထားရပြီး ဒေသခံပြည်သူ ၂၀၀၀၀ ကျော်လည်း အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရသည်ဟု သိရသည်။

စစ်ဘေးရှောင်အများစုသည် အိန္ဒိယ- မြန်မာနယ်စပ်နှင့် မြန်မာနိုင်ငံ နယ်နိမိတ်များတွင် ခိုလှုံနေကြပြီး တချို့သည် လယ်တောများ၊ စိုက်ခင်းများတွင် နေထိုင်ကြကြောင်း၊ တချို့ကျေးရွာမှ မိဘများသည် သားသမီး ပညာသင်ကြားနိုင်ရေးအတွက် တမူးမြို့ပေါ်တွင် အိမ်းခန်းငှားရမ်း၍ နေထိုင်ကြကြောင်း သိရသည်။

အိန္ဒိယ – မြန်မာနယ်စပ် တမူးခရိုင်၊ ကူးကီဒေသတွင် ယခုနှစ် ၄ လတာအတွင်း အိုးအိမ်စွန့်ခွာစစ်ဘေးရှောင် ပြည်သူ ၄၅၀၀ ထက်မနည်း မြင့်တက်လာပြီး ဆေးဝါးနှင့် ကျန်းမာရေးအကူအညီများ အရေးပေါ်လိုအပ်နေကြောင်း ကူကီးအမျိုးသမီးလူ့အခွင့်အရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

“အခု လောလောဆယ်မှာ အဓိက ကျန်းမာရေးလိုအပ်နေတယ်။ ကျမတို့ဘက်မှာ ရာသီအကူးအပြောင်းမှာ ဖြစ်တတ်တဲ့ နှာစီး၊ ချောင်းဆိုးနဲ့ အထူးသဖြင့် ဝမ်းပျက်ဝမ်းလျှောက အဖြစ်များနေတယ်။ အဓိက အဲဒါအတွက် အကူအညီတွေ လိုအပ်နေတယ်။ ကျမတို့က အကုန်လုံးကိုလက်လှမ်းမိအောင် မလုပ်ပေးနိုင်ဘူး။ ဒေသမှာ သူတို့တွေ စစ်ဘေးရှောင်နေတဲ့လူတွေရော၊ မပြေးသေးတဲ့ မြန်မာဘက်ခြမ်းက ကူးကီတပ်မတော်က ထိန်းချုပ်ထားတဲ့ ရွာတွေရောဖြစ်နေတာပါ။ အကြမ်းအားဖြင့် ရွာတိုင်းလိုလိုမှာဖြစ်နေတာ” ဟု ၎င်းက ပြောသည်။

ရာသီဥတုပူပြင်းမှုကြောင့် သောက်ရေသုံးရေရှားပါးပြီး အရေပြားရောဂါနှင့် ဝမ်းလျှောရောဂါများအဖြစ်များကာ ဆေးရုံဆေးခန်းတွင် သွားရောက်ကုသရန်မှာလည်း လမ်းပိတ်ဆို့မှုများကြောင့် ဆေးမီတိုနှင့်လည်း ကုသနေရသည်ဟု သိရသည်။

ယခုနှစ် ဇန်နဝါရီလကပင် တမူးမြို့သိမ်းတိုက်ပွဲဆင်နွှဲမည့် သတင်းထွက်ပေါ်လာမှုကြောင့် တမူးမြို့ပေါ် ဒေသခံ ၃၀၀၀ ခန့် တဖက်နိုင်ငံနယ်စပ်သို့ ထွက်ပြေးခိုလှုံခဲ့ရကြောင်း သိရသည်။

၂၀၂၃ ခုနှစ်က မဏိပူရ်ပြည်နယ် လူမျိုးရေးအဓိကရုဏ် ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပြည်နယ်အစိုးရသည် မြန်မာစစ်ဘေးရှောင်များကို မလိုလားသောအနေအထားဖြင့် အမြဲစောင့်ကြည့်ပြီး နယ်စပ်တလျှောက် သွားလာရေး၊ ကျန်းမာရေးဆိုင်ရာ ဆေးကုသမှုနှင့် ဆေးဝါးများ ဝယ်ယူတင်ပို့မှုကိုလည်း ကန့်သတ်လျက်ရှိကြောင်း ကူကီး အမျိုးသမီးလူ့အခွင့်အရေးအဖွဲ့ထံမှ သိရသည်။

အိန္ဒိယ- မြန်မာနယ်စပ် တမူးခရိုင်အတွင်း ဖြစ်ပွားနေသောတိုက်ပွဲများအကြား ဒေသခံပြည်သူများ ကြုံတွေ့နေရသော လူ့အခွင့်အရေးချိုးဖောက်မှု၊ ဒေသအခြေအနေများနှင့် အထူးသဖြင့် အမျိုးသမီးများ ကြုံတွေ့နေရသည့် အခက်အခဲများကို ဖော်ထုတ်ရှင်းလင်းရန်အတွက် Kuki Women Human Right Organization သည် ၄ လတကြိမ် တွေ့ရှိချက်များကို အစီရင်ခံစာ ထုတ်ပြန်နေကြောင်း သိရသည်။

KMG ပေးပို့သည်။