5 ဇူလိုင် 2025 /

See today's Peace Related News

Homeသတင်းအိန္ဒိယ-မြန်မာ နယ်စပ် တမူးမြို့နယ်ရှိ မင်းသာကျေးရွာတွင် တိုက်ပွဲပြင်းထန်နေ

အိန္ဒိယ-မြန်မာ နယ်စပ် တမူးမြို့နယ်ရှိ မင်းသာကျေးရွာတွင် တိုက်ပွဲပြင်းထန်နေ

အိန္ဒိယ-မြန်မာ နယ်စပ် တမူးမြို့နယ်ရှိ မင်းသာကျေးရွာတွင် ဇန်နဝါရီ ၂၈ ရက်နေ့ကစပြီး ဇန်နဝါရီလ ၃၀ ရက်နေ့အထိ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံတို့ ပြောဆိုမှုအရ သိရသည်။

တမူးမြို့နယ် မင်းသာကျေးရွာနှင့် ကျွန်းပင်သာကျေးရွာတို့တွင်ရှိသည့် စစ်ကောင်စီ၏ တပ်စခန်းများကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်များက ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “မင်းသာဖက်ကတော့ လေယာဥ်နဲ့ချနေပြီထင်တယ်ဗျာ။ တအုန်းအုန်းနဲ့ ကြားနေရတယ်” ဟု ပြောဆိုသည်။

တိုက်ပွဲသုံးရက်တာအတွင်း စစ်ကောင်စီဘက်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်သည့်အပြင် လက်နက်ကြီးပစ်ကူများနှင့် တိုက်ခိုက်တာကြောင့် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်များဘက်က ထိခိုက်မှုများရှိနေသည်ဟု စစ်ကောင်စီအာဘော် မီဒီယာများတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

တိုက်ပွဲဖြစ်ပွားသည့် မင်းသာကျေးရွာသည် အိန္ဒိယ-မြန်မာနယ်စပ်မျဉ်းနှင့် တစ်မိုင်ဝန်းကျင်အကွာတွင်ရှိနေပြီး စစ်ကောင်စီ တပ်စခန်းနှစ်ခုရှိကြောင်း သိရသည်။

တမူးမြို့ကို မြို့သိမ်းတိုက်ပွဲဆင်နွဲမည်ဟု တော်လှန်ရေးအင်အားစုများဘက်က ဇန်နဝါရီလလယ်ပိုင်းတွင် ကြေညာစာဖြန့်ဝေခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပင် တိုက်ပွဲများပြင်းထန်လာခြင်း ဖြစ်သည်။

တမူးမြို့နယ်အတွင်းက ခမ်းပတ်မြို့၊ ကနန်ကျေးရွာ၊ ခွန်မွန်းနွမ်ကျေးရွာတို့ကို ယခုဇန်နဝါရီလအတွင်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၅ ဦး သေဆုံးခဲ့ပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

တမူးမြို့နယ်က တိုက်ပွဲတွေကြောင့် ဒေသခံများသည် အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။

ယခင်နှစ်များအတွင်း တိုက်ပွဲများကြောင့် မဏိပူရ်ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်သူ ခြောက်ထောင်နီးပါးရှိပြီး အိန္ဒိယနိုင်ငံဘက်က စစ်ရှောင်များကို နေရပ်ပြန်ပို့မည်ဟု ပြောဆိုထားသည်။

ရှမ်းနီအသံ ပေးပို့သည်။