အာရက္ခတပ်တော် AA နှင့် မိတ်ဆွေဖွဲ့ရမည်ဟု မီဇိုရမ်ဝန်ကြီးချုပ်ပြောဆို

0
101
ပုံစာ - မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်နှင့် ချင်းလူထုတွေ့ဆုံပွဲ

အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေသော မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာက အမေရိကန်ရောက် ချင်းလူထုနှင့်တွေ့ဆုံပွဲတွင် အာရက္ခတပ်တော် AA နှင့် စစ်မက်ဖြစ်ပွားခြင်းထက် မိတ်ဆွေဖွဲ့ ရမည်ဟု ပြောဆိုခဲ့သည်။

အမေရိကန်နိုင်ငံ၊ အင်ဒီးယားနားပြည်နယ် Chin Evangelical Baptist Church တွင် စက်တင်ဘာလ ၄ ရက်နေ့ညက ကျင်းပသော ချင်းလူထုနှင့်တွေ့ဆုံပွဲတွင် အမေးအဖြေအစီအစဉ်၌ ကုလားတန်ဘက်စုံ စီမံကိန်းနှင့် ပတ်သက်၍ AA နှင့် မီဇိုရမ်အစိုးရတို့ တွေ့ဆုံခဲ့မှုအခြေအနေများကို မေးမြန်းရာ ဝန်ကြီးချုပ်က ထိုကဲ့သို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်က “အာရက္ခတပ်တော် AA နဲ့ ကျနော်တို့ ပြဿနာဖြစ်ရင် သူတို့က အင်အားပိုကောင်း တယ်၊ သူတို့မှာ အင်အားတော်တော်များတယ်။ ဒါကြောင့် တိုက်ပွဲမဟုတ်ဘဲ ချစ်ကြည်ရင်းနှီးရမယ်။ သူငယ်ချင်း အဖြစ် မိတ်ဆွေဖွဲ့ရမယ်။ CNF ဖြစ်ဖြစ် Chin Brotherhood ဖြစ်ဖြစ် Chinland Council ဖြစ်ဖြစ် ZRA အရှေပိုင်း အနောက်ပိုင်းတိုင်းပဲဖြစ်ဖြစ် AA ဖြစ်စေ၊ PDF တွေဖြစ်စေ ငါတို့တော်လှန်တိုက်ခိုက်နေတဲ့အရာက အတူတူပဲ ဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့အချင်းချင်းကြား ပြဿနာဖြစ်နေရင် စစ်ကောင်စီအတွက်ကတော့ ဝမ်းသာစရာ ဖြစ်မှာပေါ့။ ဒါကြောင့် အာရက္ခတပ်တော် AA ကိုလည်း သူငယ်ချင်းမိတ်ဆွေအဖြစ် ဖွဲ့ရမယ်။ အဲလိုမဟုတ်ရင် လောင်တလိုင်ထိကို လာပြီးအနှောက်အယှက်ပေးနိုင်တယ်” ဟု ပြောဆိုခဲ့သည်။

မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်သည် အမေရိကန်ပြည်ထောင်စုတွင် စက်တင်ဘာ ၂ ရက်နေ့က ကျင်းပသော ၃၁ ကြိမ် မြောက် “Mizo Day” အခမ်းအနားတွင် ဧည့်သည်တော်အဖြစ် တက်ရောက်လာခဲ့ပြီးနောက် စက်တင်ဘာလ ၄ ရက်နေ့တွင် ချင်းလူမျိုးအများစု နေထိုင်သော အင်ဒီးယားနားပြည်နယ်မှာ ချင်းလူထုနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

အဆိုပါတွေ့ဆုံပွဲတွင် ချင်းတော်လှန်ရေး တပ်ဖွဲ့အချင်းချင်း စည်းလုံးညီညွတ်မှု အားကောင်းလာစေရေး၊ ဘာသာရေးအသင်းအဖွဲ့နှင့် အရပ်ဖက်အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရေးတို့ကို ဝန်ကြီးချုပ်က အလေးထားပြောဆိုသွားခဲ့သည်။

ထို့အပြင် ချင်း – မီဇို – ကူကီ မျိုးနွယ်စုများသည် ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း အစဉ်အလာ၊ ဘာသာစကား၊ ပွဲတော်၊ သီချင်း ပုံပြင် စသည့်များ ကြည့်ခြင်းအားဖြင့် ဆင်းသက်လာရာတူညီသော တအူတုံဆင်း ညီရင်းအကိုများဖြစ်ကြပြီး ပိုင်းခြား၍မရသော လူမျိုးများဖြစ်ကြသည်ဟု ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။

အိန္ဒိယ – မြန်မာ – ဘဂ်လားဒေရှ့် စသည့် သုံးနိုင်ငံတွင် တကွဲတပြားစီနေထိုင်ကြရသော မိမိတို့လူမျိုးများ တနေ့နေ့တချိန်ချိန် အုပ်ချုပ်မှုတစ်ခုအောက်မှာ ပြန်လည်နေထိုင်နိုင်မည်ဟု မျှော်လင့်ကြောင်းလည်း ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here