၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစပြီး ၂၀၂၅ ခုနှစ်၊ ဇွန်လကုန်အထိ နိုင်ငံရေးတက်ကြွလှုပ်ရှားသဖြင့် စစ်ကောင်စီ၏ ဖမ်းဆီးခံခဲ့ရသူ ၂၉,၃၄၂ ဦးအထိ ရှိလာကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇူလိုင်လ ၁ ရက်တွင် ထုတ်ပြန်လိုက်သည်။
AAPP က လက်လှမ်းမီသလောက် ကောက်ယူမှတ်တမ်းထားသည့် အချက်အလက်ဖော်ပြချက်အရ လက်ရှိအချိန်ထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်းတွင် ၆ ထောင်ကျော်မှာ အမျိုးသမီးနှင့် ကလေးငယ်များဖြစ်သည်ဟု ဆိုသည်။
ယင်းအနက် အမျိုးသမီး ၄,၂၇၀ နှင့် ကလေးငယ် ၂၄၇ ဦးပါဝင်သည့် အရေအတွက် ၂၂,၁၈၄ ဦးမှာ နိုင်ငံရေးအကျဥ်းသားများအဖြစ် စစ်ကောင်စီ၏ ထိန်းသိမ်းချုပ်နှောင်ခံထားရသည်။
နောက်ထပ် အမျိုးသမီး ၁,၆၆၉ ဦးနှင့် ကလေး ၈၃၄ ယောက်အပါအဝင် အာဏာသိမ်းကာလအတွင်း သေဆုံးသူစုစုပေါင်း ၇ ထောင်နီးပါးရှိနေကြောင်း AAPP က ဖော်ပြသည်။
သေဆုံးသူများတွင် စစ်ကောင်စီနှင့် ၎င်းလက်အောက်ခံများက ထောင်တွင်း၊ စစ်ကြောရေး၊ စစ်တန်းလျား (သို့မဟုတ်) ပြင်ပတစ်နေရာရာ၌ အကျဥ်းသား/ဖမ်းဆီးခံရသူကို အင်အားသုံး၍ဖြစ်စေ ရပိုင်ခွင့်စံနှုန်းများကို လျှစ်လျှူရှုပြုမူရာမှဖြစ်စေ သေဆုံးသွားသူ တနည်းအားဖြင့် သတ်ဖြတ်ခံရသူ ၂ ထောင်ကျော် ပါဝင်သည်ဟုလည်း သိရသည်။
စစ်ကောင်စီလက်ထက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ပုံစံအမျိုးမျိုးဖြင့် နှိပ်စက်ညှဉ်းပန်းခံနေရပြီး အသက်အန္တရာယ်ခြိမ်းခြောက်ခံရမှု အမြဲတစေရှိနေကြောင်းကိုလည်း AAPP ပြောခွင့်ရ ဦးအောင်မျိုးကျော်က ဇန်နဝါရီလပိုင်းက ကေအိုင်စီ နှင့် သီးသန့်အင်တာဗျူးတွင် ယခုလို ဖြေကြားဖူးသည်။
“စဖမ်းတဲ့အချိန်မှာလည်း နှိပ်စက်၊ ထောင်ထဲမှာလည်း အသက်သေမသွားဘူးလို့ အာမခံလို့မရတဲ့ အခြေအနေတွေ ဖြစ်နေတယ်။ မင်းအောင်လှိုင်ကတော့ အာဏာရှင်တွေထဲမှာ ပိုပြီးရက်စက်ကြမ်းကြုတ်တယ်လို့ပဲ ပြောရမှာပေါ့” ဟု ဦးအောင်မျိုးကျော်က ပြောသည်။
AAPP ၏ မှတ်တမ်းအရ နယ်နိမိတ်အားဖြင့် ရန်ကုန်တိုင်းတွင် ဖမ်းဆီးခံရသူအများဆုံးဖြစ်ပြီး ဒုတိယ၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းမှ ဖမ်းဆီးခံရသူစာရင်းမှာ တတိယနေရာတွင် ရှိသည်။
ထို့အတူ မြန်မာပြည်အရှေ့တောင်ပိုင်းဖြစ်သည့် မွန်၊ ကရင်၊ တနင်္သာရီနှင့် ပဲခူးတိုင်းတို့တွင်လည်း ဖမ်းဆီးခံရသူ ၆ ထောင်နီးပါးရှိခဲ့သည်။
ကေအိုင်စီ