အာဇာနည်နေ့အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ရန်ကုန်မြို့လယ်တွင်ပြုလုပ်

0
343

“၇၆” နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ပြောက်ကျားသပိတ် လှုပ်ရှားမှုအနေဖြင့် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) နှင့် မဟာမိတ်အဖွဲ့ဝင်များသည် ဇူလိုင်လ ၁၈ ရက် ညပိုင်းက ရန်ကုန်မြို့လယ်ခေါင် တရုတ်တန်း၌ လမ်းလျှောက်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့များ၏ အထူးလုံခြုံရေး တင်းကြပ်မှု အန္တရာယ်များကြားထဲက “လူမျိုးကြီးဝါဒ တိုက်ဖျက်ကြ၊ အာဇာနည်ဟာ ၉ ဦး မက” ဆိုသည့် စာသားပါသည့် အလံကို ကိုင်ဆောင်ပြီး “စစ်အာဏာရှင် ဆန့်ကျင်ရေး၊ လူမျိုးကြီးဝါဒ တိုက်ဖျက်ရေး” ဆိုပြီး ကြွေးကြော်ဆန္ဒပြ လှုပ်ရှားမှုတခု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လူထုသပိတ်တိုက်ပွဲ လှုပ်ရှားမှုကို ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) မှ ဦးဆောင်၍ ပြည်သူ လူထုနှင့် အတူ၊ Youth Association Of Thingangyun (YAT)၊ အခြေခံပညာ ကျောင်းသားလူငယ်များ အစည်းအရုံး (အကလ-မြေပြင်)၊ Labour Alliance အဖွဲ့ဝင် (CTUM)၊ စမ်းချောင်း ပင်မသပိတ်စစ်ကြောင်းတို့ ပေါင်းဆုံပြီး Revolution Force (RF) ၏ မြေပြင်ကင်းထောက်ပံ့ပိုးမှုဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း ရေဘဝဲအဖွဲ့က ထုတ်ပြန်ခဲ့သည်။

စစ်အာဏာရှင် ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (Anti-Junta Alliance Yangon – AJAY) အဖွဲ့ကလည်း အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် “အာဇာနည်မျိုး သေရိုးမရှိ” ဆိုသည့် စာတန်းကို ရန်ကုန်မြို့နေရာ တခုတွင် ဇူလိုင် ၁၉ ရက် နံနက်ပိုင်းက ချိတ်ဆွဲထားပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု လုပ်ခဲ့ကြောင်း သိရသည်။

စစ်အာဏာရှင်က လက်နက်ဖြင့် ပစ်ခတ်နှိပ်ကွပ်နေသော်လည်း လူငယ်များ ကြောက်လန့်မသွားဘူးဆိုတာကို ပြသနေခြင်းဖြစ်ကြောင်း စမ်းချောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဒု-ဥက္ကဋ္ဌ ဦးဘိုဘိုဦးက အခုလို ပြောဆိုသည်။

“၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေး စခဲ့ကတည်းက ဆန္ဒပြခဲ့တာတွေကို တဖတ်သတ် လက်နက်နဲ့နှိပ်ကွပ်ခဲ့ပေမယ့် မကြောက်ဘူးဆိုတာ လူငယ်တွေက အမြဲတမ်း ပြသနေခဲ့တာပါ၊ အခုအချိန်ထိလည်း ပြသနေဆဲ ဖြစ်ပါတယ်၊ အံကြိတ်ထားတဲ့ မြို့ပြဟာ တနေ့နိုးထလာပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

“၇၆” နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားများကို ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများနှင့် တော်လှန်ရေးအင်အားစု တပ်ဖွဲ့များက နေရာဒေသအသီးသီးတို့တွင် ကျင်းပခဲ့ကြကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့က 7 July အထိမ်းအမှတ် စစ်အာဏာရှင်တိုက်ဖျက်ရေးအတွက် ရန်ကုန်မြို့တွင် လူငယ်တော်လှန်ရေးအင်အားစုများက ဆန္ဒပြခဲ့ကြောင်း သိရသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here