အရပ်ဖက်အဖွဲ့အစည်း ၃၀၀ ကျော်က ဖယ်ခုံမြို့၊ ဘန်ကောက်စစ်ရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရမှုအပေါ် ရှုတ်ချကြောင်းထုတ်ပြန်

0
95
ပုံစာ - ဖယ်ခုံ၊ ဘန်ကောက်စစ်ရှောင်စခန်း လေကြောင်းတိုက်ခိုက်မှုခံရပြီးနောက်မြင်ကွင်း။

အရပ်ဖက်အဖွဲ့စည်းပေါင်း ၃၀၀ ကျော်က ပြီးခဲ့သည့် စက်တင်ဘာ ၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် ရှမ်း – ကရင်နီ နယ်စပ် ဖယ်ခုံမြို့နယ်ရှိ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုအပေါ် ပြင်းထန်စွာရှုတ်ချသည့် ထုတ်ပြန်ချက်ကို စက်တင်ဘာလ ၁၂ ရက်နေ့က ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအပေါ် ရှုတ်ချသည့်ထုတ်ပြန်ချက်ကို ကရင်နီအရပ်ဖက်အဖွဲ့အစည်း၊ မြန်မာအရပ်ဖက်အဖွဲ့အစည်းနှင့် တော်လှန်ရေးအင်အားစုများက ပူးပေါင်းပြီး အရပ်ဖက်အဖွဲ့ ၃၁၆ ဖွဲ့က ထုတ်ပြန်ခြင်းဖြစ်သည်။

ကရင်နီအရပ်ဖက်အဖွဲ့အစည်းတခုဖြစ်သည့် New Horizon institute ကျောင်းတည်ထောင်သူ ဆရာမလီလီက “လုံးဝလူသားဆန်တဲ့ လုပ်ရပ်မဟုတ်တဲ့အတွက်ကြောင့် လက်ခံနိုင်စရာအကြောင်း လုံးဝမရှိဘူး။ အပြစ်မဲ့တဲ့ ကလေးသူငယ်တွေ ဆုံးရှုံးရတာဟာ ဒါ ကျမတို့ အများကြီး (အများကြီး) နစ်နာပါတယ်။ အဲဒါနဲ့ ပတ်သတ်ပြီး‌ တော့မှ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေကနေပြီးတော့မှ ထိထိရောက်ရောက် အရေးယူဆောင်ရွက်မှုတွေကို အမှန်တကယ် လုပ်ဆောင်ဖို့ လိုအပ်တယ်ဆိုတာလည်း ကျမပြောကြားလိုပါတယ်” ဟု ပြောသည်။

ဘန်ကောက်စစ်ရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရမှုတွင် အသက် ၁၅နှစ်အောက် ကလေး ၈ ဦး၊ အသက် ၄၀ ဝန်းကျင်လူကြီး ၂ ဦး သေဆုံးခဲ့ပြီး အယောက် ၂၀ ထက်မနည်း ဒဏ်ရာရခဲ့သည်။ အပြင်းထန်ဒဏ်ရာရသူ ၈ ဦးရှိနေပြီး လက်ရှိအချိန်ထိ ဆေးကုသနေဆဲဖြစ်ကြောင်း သိရသည်။

အသွင်ကူးပြောင်းရေးကာလတွင် တရားမျှတမှုရရှိရေး ဖော်ဆောင်ရာတွင် နစ်နာသူ၊ ပြုလုပ်သူ နှစ်ဦးနှစ်ဖက်လုံးအတွက် လုပ်ဆောင်ရန်လိုမည်ဟူ ထုတ်ပြန်ချက်ပါ မီဒီယာပြောရေးဆိုခွင့်ရှိသူ အလားက ပြောဆိုသည်။

“သူတို့ကို အသိမှတ်ပြုတဲ့ဟာမျိုးတွေ၊ သူတို့အတွက် အမှတ်တရဖြစ်နိုင်မယ့် ပုံစံလေးတွေပေါ့နော။ Gallery ပုံစံ မျိုးတွေလေ။ အဲဟာကို အသိမှတ်ပြုပြီး လုပ်ဆောင်ပေးတဲ့ဟာမျိုး‌တွေ လုပ်ဖို့လိုသလို အိုးအိမ် ဆုံးရှုံးသွားတဲ့ သူကိုကြ ဘာပဲဖြစ်ဖြစ် ပြန်လည်ထူထောင်ရေးမှာ အထူးအလေးထား ထည့်သွင်းစဥ်းစားဖို့လိုတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိကြားကာလ၌ အရပ်ဖက်အဖွဲ့အစည်းများက အသွင်ကူးပြောင်းရေးအတွက် တစုံတရာဆွေးနွေးထားခြင်း လုပ်ဆောင်နေခြင်း မရှိသေးဘူးဟုလည်း ၎င်းက ဆက်ပြောသည်။

ဗုံးကြဲတိုက်ခိုက်ခံရသည့် ဘန်ကောက်စစ်ရှောင်စခန်းနေရာကို နောင်တချိန် အောက်မေ့ဖွယ်နေရာတစ်ခုလို အမှတ်ရစေရန် အခင်းဖြစ်ပွားသည့် နေရာနားတဝိုက်ကို မျဥ်းတားထားသည်ဟုလည်း ဆိုသည်။

စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်က စ၍ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအထိ လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်နီပြည်တွင် အရပ်သား ၅၁၅ ဦး သေဆုံးခဲ့ပြီး ဘုရားကျောင်း ၅၂ ကျောင်း၊ စာသင်ကျောင်း ၂၅ ကျောင်းနှင့် ဆေးရုံ ၁၆ ခု ပျက်စီးခဲ့သည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here