ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးအမှုတွင် လိုပြသက်သေနှစ်ဦးအား အောက်တိုဘာ ၂ ရက်နေ့ ရုံးချိန်းတွင် စစ်တွေမြို့နယ်တရားရုံး၌ စတင်စစ်ဆေးခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။
ဒေါ်ညိုအေးကို စစ်တွေမြို့ အမှတ် (၁) ရဲစခန်း စခန်းမှူးက တရားလိုပြုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်ပြီး တစ်လကျော်အကြာတွင် ယခုလိုစတင်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ဒေါ်ညိုအေး၏ သမီးဖြစ်သူမစောမြသန္တာက “ မနေ့ကရုံးချိန်းမှာ တရားလိုဖက်က နှစ်ယောက်ကိုစစ်တယ်။ ဘယ်အကြောင်းအရာတွေ စစ်ဆေးခဲ့တယ်ဆိုတာတော့ နားမထောင်ရတဲ့အတွက် မသိဘူး။ နောက်အပတ် တနင်္လာနေ့ကို ထပ်ပြီးတော့ရုံးချိန်းလိုက်တယ်” ဟု ပြောသည်။
ဒေါ်ညိုအေးကို ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်က စစ်တွေကျောင်းသားသမဂ္ဂက ဦးဆောင်ပြုလုပ်ခဲ့သော (၅၆) နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့ အောက်မေ့ဖွယ်အခမ်းအနားသို့ တက်ရောက်မှုကြောင့် စစ်ကောင်စီက ဩဂုတ်လ ၁၅ ရက်နေ့တွင် ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။
ဖမ်းဆီးစဉ်က ၎င်းအား နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ – ၅၀၅ (ခ) ဖြင့် အမှုဖွင့်ခဲ့သော်လည်း လက်ရှိတွင် ပုဒ်မ ၅၀၅ (က) သို့ ပြောင်းလဲကာ စစ်ဆေးခြင်းဖြစ်ကြောင်း မိသားစုများထံမှ သိရသည်။
“ဦးသန်းနိုင် အပါအဝင် ၂ ဦးကိုတော့ ဝရမ်းပြေးအဖြစ်နဲ့ ၅၀၅ (ခ) အမှုဖွင့်လိုက်တယ်။ အမေ့ကိုတော့ ကျန်းမာရေး အခြေအနေအရဆိုပြီးတော့ ၅၀၅(ခ) ကနေ ၅၀၅(က) ကို ပြောင်းလိုက်တာပါ” ဟု မစောမြသန္တာက ပြောသည်။
ဒေါ်ညိုအေးမှာ ကျန်းမာရေးမကောင်းသဖြင့် စစ်တွေဆေးရုံကြီးတွင် ဆေးကုသခွင့်ရရှိရန် မိသားစုဝင်များက တောင်းဆိုသော်လည်း ဆေးကုသခွင့် မရရှိသေးပေ။ ဒေါ်ညိုအေးသည် ရခိုင်ပြည်အတွင်း အမျိုးသမီးအရေး ကိစ္စများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေသူ ဖြစ်သည်။
အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ စစ်တွေမြို့ခံဒေါ်ဖြူဖြူသန်းက “ဒေါ်ညိုအေးဟာ အမျိုးသမီးအရေး လှုပ်ရှားနေသူတစ်ဦး ဖြစ်တယ်။ အခု သူ့ကိုဖမ်းဆီးထားတဲ့အတွက် ရခိုင်အမျိုးသမီးတွေအတွက် အများကြီး နစ်နာမှုတွေရှိတယ်။ သူက အသက်လည်းကြီးနေပြီ၊ ကျန်းမာရေးလည်း သိပ်မကောင်းဘူး။ ကျမတို့ကတော့ အမှုကို အမြန်ဆုံးစစ်ဆေးပြီးတော့ ပြန်လွှတ်ပေးစေချင်တယ်” ဟု ပြောသည်။
စစ်တွေဆန်ပြဿနာနေ့ အောက်မေ့ဖွယ်အခမ်းအနားကို ဦးဆောင်ပြုလုပ်ခဲ့သော ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ခေါင်းဆောင်များမှာလည်း လတ်တလောတွင် ထွက်ပြေးတိမ်းရှောင်နေကြရသည်။
အောင်ထိန်(DMG) ပေးပို့သည်။