
ရခိုင်ပြည်၊ အမ်းမြို့တွင် တခုတည်းကျန်ရှိတော့သည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) မကျရှုံးရေး စစ်ကောင်စီက မြေပြင်၊ လေကြောင်းပစ်ကူများနှင့်ပါ အပြင်းအထန် ခုခံတိုက်ခိုက်နေကြောင်း အာရက္ခတပ်တော် (AA) နှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
အမ်းဒေသတွင် စစ်ကောင်စီ၏ ဗျူဟာဌာနချုပ်၊ တပ်ရင်းတပ်ခွဲနှင့် စခန်းငယ်၊ ကာကင်းစခန်းကြီးအပါအဝင် စခန်းပေါင်း (၃၀) ကျော်နှင့် အမ်းမြို့ကို AA က ထိန်းချုပ်ထားသည်။
ကျန်ရှိနေသေးသည့် နပခဌာနချုပ်ကို အပြီးသတ်သိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်နေသည်ဟု ဒီဇင်ဘာ ၆ ရက်တွင် AA က ထုတ်ပြန်ထားသည်။
“စစ်ကောင်စီတပ်သားတွေက နပခထဲကနေပြီးတော့ ထွက်မတိုက်ဘူး။ အထဲကနေပြီး လှမ်းတိုက်တယ်။ သူတို့က အဲဒီအထဲမှာ မြေအောက်ခန်းတွေလုပ်ပြီး စနစ်တကျ ခုခံဖို့လုပ်ထားတာ။ AA ဘက်ကတော့ ထိုးတိုက်တာတမျိုး၊ လှမ်းပစ်တာတမျိုးပေါ့” ဟု AA နှင့်နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
စစ်ကောင်စီက နပခ မကျစေရေး မြေပြင်စစ်ကူများအပြင် လေကြောင်းမှတဆင့် အင်အားအလုံးအရင်း ဖြည့်တင်းနေပြီး အာရက္ခတပ်တော်က ဖြတ်တောက်ပိတ်ဆို့တိုက်နေ၍ စစ်ကောင်စီတပ်သားများ သေဆုံးမှု၊ ဖမ်းဆီးခံရမှု ရှိနေသည်။
အမ်းသို့စစ်ကူလာသည့် စစ်ကောင်စီ၏ တပ်မ (၈၈) လက်အောက်ခံ ခမရ (၃၇၁)၊ ခမရ (၄၁၅)၊ ခမရ (၄၁၆) တပ်ရင်းကို AA က ဖြတ်တောက် ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီးနောက် သုံးရက်နီးပါးကြာတွင် စစ်ကောင်စီတပ်သား အလောင်း ၁၀၀ ကျော်နှင့် လက်နက်ခဲယမ်း အများအပြားအပါအဝင် စစ်သုံ့ပန်းအချို့ ဖမ်းဆီးရမိသည်ဟု AA က ဒီဇင်ဘာ ၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
အမ်းသည် အာရက္ခတပ်တော်အတွက် စစ်ရေးအရနှင့် ရခိုင်ဒေသတွင်း ကုန်စည်စီးဆင်းမှုနှင့် စီးပွားအရ အရေးပါသည့်မြို့လည်း ဖြစ်သည်။
အာရက္ခတပ်တော်၏ အရှိန်မြှင့်ထိုးစစ်များနှင့်အတူ နပခ တစ်ခုလုံးမှာလည်း မကြာမီအချိန်အတွင်း ကျသွားနိုင်ကြောင့် စစ်ရေးနိုင်ငံရေးလေ့လာသူများက သုံးသပ်ပြောဆိုကြသည်။
“အာရက္ခတပ်တော်ရဲ့ အောင်မြင်မှုက ကြီးမားပြီး အရှိန်အဟုန် ပြင်းထန်တယ်။ ဒါကြောင့်လည်း စစ်ကောင်စီ တပ်တွေက ဖရိုဖရဲနဲ့ ကွဲကွဲပြားပြား ဖြစ်ကြတယ်။ လက်နက်ချ ကြတယ်။ ခံပြီးတိုက်ရင်လည်း သေကြေတာ ပိုများတယ်။ အာရက္ခတပ်တော်ရဲ့အောင်ပွဲဟာ တစ်နှစ်အတွင်း မျှော်မှန်းထားတာထက် ပိုလုပ်နိုင်တာကို တွေ့ရတယ်” ဟု စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးဖေသန်းက ပြောသည်။
ရခိုင်ဒေသအတွင်း အာရက္ခတပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့ကြီး ၁၂ ခု အထိ ရှိလာနေပြီး မောင်တောတွင် တစ်ခုတည်းကျန်ရှိတော့သည့် နခခ (၅) နှင့် ဂွ၊ တောင်ကုတ် မြို့နယ်တို့ကိုလည်း အလုံးစုံသိမ်းပိုက်နိုင်ရေး ထိုးစစ်ဆက်လက်အရှိန်မြှင့်ကာ တိုက်ခိုက်နေသည်။
လက်ရှိ ရခိုင်ပြည်တွင် စစ်ကောင်စီက ထိန်းချုပ်ထားဆဲဖြစ်သည်မှာ စစ်တွေ၊ ကျောက်ဖြူ၊ ဂွနှင့် မာန်အောင်မြို့နယ်တို့သာ ရှိတော့သည်။
အောင်ထိန် (DMG) ပေးပို့သည်။