အမ်းမြို့နယ်တွင် စစ်ဘေးရှောင် ၃ ထောင်ကျော် အရေး‌‌ပေါ်အကူအညီများလိုအပ်နေ

0
203
ပုံစာ - တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် အမ်းမြို့နယ်မှ စစ်ဘေးရှောင်များ။ (Photo - Wai Hun Aung)

တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် ရခိုင်ပြည်၊ အမ်းမြို့နယ်မှ စစ်ဘေးရှောင် ၃ ထောင်ကျော်မှာ အရေးပေါ်အကူအညီများလိုအပ်နေကြောင်း ကူညီဆောင်ရွက်ပေးနေသူတို့ပြောဆိုမှုအရ သိရသည်။

စားနပ်ရိက္ခာ၊ အမိုးအကာ၊ ဆေးဝါး စသည့်အကူအညီများ အရေးပေါ်လိုအပ်နေခြင်းဖြစ်ပြီး ကူညီထောက်ပံ့မှုများ နည်းပါးသဖြင့် စစ်ဘေးရှောင်များမှာ အခက်အခဲများစွာ ကြုံတွေ့နေကြရခြင်း ဖြစ်သည်။

“အဝတ်တစ်ထည်ကိုယ်တလုံးနဲ့ ထွက်ပြေးလာကြရတာဖြစ်တယ်။ လတ်တလောမှာ အဝတ်အထည်ကအစ လိုအပ်ချက်တွေ ပြည့်နေတယ်” ဟု လူမှုကူညီရေးဆောင်ရွက်နေသူ စာရေးဆရာဝေဟန်အောင်က ပြောသည်။

ထွက်ပြေးတိမ်းရှောင်လာကြသူများထဲတွင် ကလေးငယ်နှင့် သက်ကြီးပိုင်များပါဝင်ပြီး ‌ဆောင်းရာသီကာလ ရောက်ရှိလာပြီဖြစ်၍ အနွေးထည်များလည်း အရေးပေါ်လိုအပ်လျက်ရှိနေကြောင်း သိရသည်။

အဆိုပါ စစ်ဘေးရှောင်များသည် ၎င်းတို့နေထိုင်ရာ ကျေးရွာများအနီး တိုက်ပွဲဖြစ်ပွားမှုနှင့် စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး အန္တရာယ်များကြောင့် ဘေးလွတ်ရာတွင် ထွက်ပြေးခိုလှုံနေကြသူများဖြစ်ပြီး အမ်းမြို့ပေါ်မှ ထွက်ပြေးလာသူများလည်း ပါဝင်ကြောင်း သိရသည်။

လက်ရှိတွင် အာရက္ခတပ်တော် AA က နပခဌာနချုပ်ကို သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေ၍ တိုက်ပွဲပြင်းထန်နေပြီး အမ်းဒေသခံ အများအပြားလည်း မြို့ပေါ်တွင် ပိတ်မိနေကြကြောင်း သိရသည်။

“AA ရဲ့ အကူအညီနဲ့ ထွက်ပြေးကြတာရှိသလို တခြားနည်းလမ်းမျိုးစုံနဲ့ ထွက်ပြေးကြတာတွေလည်း ရှိတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ ထွက်ပြေးတိမ်းရှောင်ဖို့ စိန်ခေါ်မှု အများကြီးရှိတယ်။ ဒါကြောင့်လည်း မြို့‌ပေါ်မှာ ပိတ်မိနေသူ အများအပြား ရှိနေသေးတယ်” ဟု အမ်းဒေသခံတစ်ဦးက ပြောသည်။

ရခိုင်ဒေသတွင် တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ ဦးရေ ၇ သိန်းနီးပါးအထိ တိုးလာနေပြီး စားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာစသည့် အရေးပေါ်အကူအညီ လိုအပ်ချက် မြင့်မားနေဆဲဖြစ်သည်။

တိုက်ပွဲ စတင်ချိန်မှစ၍ စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားမှုကြောင့် နိုင်ငံတကာအဖွဲ့အစည်းများ အကူအညီ မရရှိသည့်အပြင် ဒေသတွင်းလူမှုအဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုပိုင်းမှာလည်း အားနည်းနေသဖြင့် စစ်ဘေးရှောင်များမှာ ပို၍အခက်အခဲများ ကြုံနေကြရသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here