အမ်းမြို့နယ် ခမရ ၃၇၃ တပ်ရင်းဘက်မှ လက်နက်ကြီးပစ်ခတ်သံများ ကြားနေရ

0
449
Photo - MPA

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်ရှိ တပ်ရင်းတစ်ခုဘက်က ယနေ့နံနက်မှ စတင်ကာ လက်နက်ကြီးပစ်ခတ်သံများ ကြားနေရသည်ဟု ဒေသခံများက ပြောသည်။

ယနေ့ ဧပြီလ ၅ ရက်၊ နံနက် ၈ နာရီကျော်ခန့်မှစတင်ပြီး အမ်းမြို့နှင့် ၁ မိုင်ကျော်ခန့်ကွာဝေးသည့် ခမရ ၃၇၃ တပ်ရင်းဘက်မှ လက်နက်ကြီးများပစ်ခတ်သံများကြားနေရခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။

အမ်းမြို့ခံတစ်ဦးက “ လက်နက်ကြီးပစ်နေတာ။ မနက် ၈ နာရီကျော်လောက်ကနေစလို့ ပစ်နေတာ။ ဘာကြာင့်ပစ်တာလဲတော့ မသိဘူး” ဟု ပြောသည်။

အဆိုပါလက်နက်ကြီးပစ်ခတ်မှုမှာ နေ့လယ် ၂ နာရီကျော်အချိန်ထိပစ်ခတ်နေဆဲဖြစ်သည်ဟုလည်း နောက်ထပ် အမ်းမြို့ခံတစ်ဦးက ပြောသည်။

“ မနက်ကနေ ပစ်နေတာ။ ဆက်တိုက်ပစ်တာတော့ မဟုတ်ဘူး။ ကြားမှာ ၁၀ မိနစ်လောက်နားတယ်။ ပြန်ပစ်တယ်လုပ်နေတာ။ အခု မွန်းလွဲ ၂ နာရီကျော်အချိန်ထိပစ်နေတာ။ လက်နက်ကြီးတွေပဲပစ်တာ” ဟု ပြောသည်။

လက်နက်ကြီးများပစ်ခတ်သံများကို ကြားရ၍ အရပ်သားများအနေဖြင့် စိုးရိမ်မိသည်ဟု အမ်းမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ ပစ်ခတ်သံတွေ မကြားရတာကကြာပါပြီ။ ထိုတလောတုန်းကလည်း သေနတ်သံတွေ ကြားခဲ့ရသေးတယ်။ အခုလည်း လက်နက်ကြီးတွေပစ်နေတော့ တိုက်ပွဲများဖြစ်တော့မလားမသိဘူး။ အသံကြားတာနဲ့ကို စိုးရိမ်စရာဖြစ်နေကြရပြီ” ဟု ပြောသည်။

ပြီးခဲ့သည့်မတ်လ ၂၇ ရက်ကလည်း အမ်းမြို့၊ တစ်မိုင်ကုန်းစစ်ဆေးရေး ဂိတ်ဘက်မှ ည ၈ နာရီခွဲမှစ၍ ည ၉ နာရီခန့်အထိ စက်သေနတ်များဖြင့် အဆက်မပြတ်ပစ်ခတ်သံများ ကြားခဲ့ရသည်ဟု မြို့ခံများက ပြောသည်။

ရခိုင်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ဖြစ်ပွားခဲ့သည့်တကျော့ပြန်တိုက်ပွဲကို ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် နှစ်ဘက်နားလည်မှုဖြင့် အပစ်အခတ်ရပ်စဲခဲ့ကြသည်။

ယင်းသို့ အပစ်ရပ်စဲပြီးနောက် အမ်းတွင် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်များကို နှစ်ကြိမ်တိုင် ကြားလာရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here